ဂျပန် G7 ထိပ်သီးအစည်းအဝေး၌ မြန်မာကိစ္စဆွေးနွေးမည်ဟု အင်ဒိုသမ္မတထုတ်ဖော်ပြော ဆို

ဂျပန်နိုင်ငံတွင် ကျင်းပမည့် စက်မှုထိပ်သီး ၇ နိုင်ငံ(G7) ၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ထုတ်ဖော်ပြောဆိုသည်။
“အာဆီယံအနေနဲ့ ကိစ္စရပ်အတော်များများ ဆွေးနွေးသွားဖို့ရှိပါတယ်။ မြန်မာနဲ့ဆက်စပ်တာလည်း ပါပါတယ်” ဟု ဂျပန်ခရီးစဉ်မစတင်မီ လေဆိပ်အရောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားသမ္မတက ပြောဆိုသည်။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးများမှ ခေါင်းဆောင်များ တက်ရောက်မည့် G7 ထိပ်သီးအစည်းအဝေး၌ ဧည့်သည် နိုင်ငံအဖြစ် ပါဝင်တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံကို ဖိတ်ကြားထားခြင်းဖြစ်သည်။ “အကြောင်းက တော့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေအကြောင်းသာ မဟုတ်ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေအကြောင်း ကြားသိစေ ရမယ်။ ဒါကျွန်တော်တို့ ဆန္ဒပါ” ဟု ဂျိုကိုဝီဒိုဒိုက ဆိုသည်။
မေလ ၁၉ မှ ၂၁ ရက်နေ့အထိ ပြုလုပ်မည့် G7 ထိပ်သီးအစည်းအဝေးသို့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ကျင်းပပြီးစီးသည့် အာဆီယံထိပ်သီးအစည်းအဝေးပိတ်ပွဲတွင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံး သတ်နိုင်ရေး အာဆီယံအဖွဲ့ကြီးက ဆက်လက်ကြိုးပမ်း အားထုတ်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီနှင့်သာမက သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရ မည်ဖြစ်ကြောင်း အင်ဒိုသမ္မတက ပြောဆိုခဲ့သည်။
“ကျွန်တော့်အတွက်တော့ ဒီလိုထိတွေ့ဆက်ဆံတာဟာ အသိအမှတ်ပြုတယ်တဲ့သဘောမဟုတ်ဘူး ဆိုတာသိဖို့ အရေးကြီးပါတယ်။ အနီးကပ်ဆက်ဆံတာဟာ အသိအမှတ်ပြုမှု မဟုတ်ပါဘူး”
မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းရေးတွင် အချိန်နှစ်နှစ်ကျော်ကြာ အလုပ်မဖြစ်သည့် အချက်ငါးချက် ပါ ဘုံသဘောတူညီချက်ကို ဆက်လက်ကိုင် စွဲထားသဖြင့် အာဆီယံအဖွဲ့မှာ ဝေဖန်မှုများနှင့် ရင်ဆိုင် နေရသည်။ ပြီးခဲ့သည့်နှစ်နှစ်အတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌများဖြစ်သည့် ဘရူနိုင်းနှင့် ကမ္ဘော ဒီးယားနိုင်ငံတို့က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များ ခန့်အပ်ကာ စစ်ကောင်စီနှင့်ထိတွေ့ ဆက်ဆံခဲ့သော်လည်း တိုးတက်ပြောင်းလဲမှု မရှိခဲ့ပေ။ myanmar now