စစ်ရေးအရှိန်မြှင့်မည့် S.O.F ၏ ၁ လကြာ အထူးလက်ဖြောင့် မွမ်းမံသင်တန်း ပြီးမြောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ဦးဆောင်ပြုလုပ်သည့် အထူးလက်ဖြောင့်မွမ်းမံသင်တန်း ပြီးမြောက်သွားပြီဖြစ်၍ သင်တန်းဆင်းပွဲကို KNU တပ်မဟာ(၆) နယ်မြေအတွင်း ယနေ့ မေလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အထူးလက်ဖြောင့်မွမ်းမံသင်တန်းတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)၊ နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့နှင့် MSRF မှ အတွေ့အကြုံရှိ ထူးချွန်စနိုက်ပါရဲဘော်များအား သီးခြားစုဆောင်း၍ စာတွေ့ လက်တွေ့နှင့် လက်နက်မျိုးစုံံ၊ ပုံစံမျိုးစုံကို အချိန်တစ်လကြာသည်အထိ လက် တွေ့ လေ့ကျင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
တပ်ဖွဲ့အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်နှင့် စစ်ဆင်ရေးတိုင်းတွင် စနိုက်ပါများအား အထူးကဏ္ဍအနေဖြင့် ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အထူးလက်ဖြောင့်မွမ်းမံသင်တန်းအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း S.O.F တာဝန်ရှိသူက မဇ္ဈိမကို ပြော သည်။
“အဓိကတော့ ရှေ့ဆက်လုပ်မယ့် စစ်ဆင်ရေးတွေမှာ အဓိက အရှိန်မြှင့်နိုင်အောင်၊ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်အောင် ရည်ရွယ်တာပါ၊ သမားရိုးကျ စစ်ဆင်ရေးပုံစံ အမြဲတမ်းလုပ်သွားလို့ မရဘူး၊ အဲဒီအပေါ်မှာ တခါတလေလည်း ပြောက်ကျားစစ်နဲ အလစ်အငိုက် အမှည့်ခြွေတဲ့စနစ်နဲ့ သွားရမယ်၊ အလုံးအရင်းနဲ့ တိုက်ခိုက်နိုင်တဲ့ အနေအထား မရှိရင်လည်း စနိုက်ပါနဲ့ အမှည့်ခြွေလို့ရမယ်၊ ရုတ်တရက် ဝင်ရောက်တိုက် ခိုက်လို့ ရမယ်ပေါ့၊ အဲဒါကို ရည်ရွယ်တာပါ” ဟု S.O.F တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့် တပ်ဖွဲ့ဝင် ၃၀ ဦးအား KNU တပ်မဟာ (၆)၊ တပ်မဟာ (၄) နယ်မြေရှိ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ mizzima