ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

စစ်တပ်က အာဏာသိမ်းထားချိန် တရုတ်နိုင်ငံသို့ မြန်မာ့မြေရှားတင်ပို့မှု ဆက်လက်မြင့်တက်နေပြီး ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း မြေရှားနှင့် ဆက်စပ်သတ္တုများ တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး ရှိကြောင်း တရုတ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းများက ဆိုသည်။

တရုတ်အကောက်ခွန်ဦးစီးဌာန၏ ပုံမှန်ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အလားတူ ကာလ၌လည်း တရုတ်သို့ မြန်မာ့မြေရှားတင်ပို့မှု ဒေါ်လာသန်း ၄၀၀ ကျော်ဖိုး ရှိခဲ့သည်။ စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် တရားမဝင် မြေရှားသတ္တု တူးဖော်မှုများ မြင့်တက်နေသည်။

၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှုမှာ ဒေါ်လာ သန်း ၇၀ ခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာသန်း ၇၀၀ ကျော်အထိ ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ မြန်မာဘက်မှ မြေရှားတင်ပို့မှု တန်ချိန် တစ်သိန်းခန့်အထိ ရှိခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းဖြစ်သည်ဟု ရှန်ဟိုင်းသတ္တုဈေးကွက် (SMM) ၏ ယခုနှစ်ဆန်းပိုင်းစာရင်းများအရ သိရသည်။​

မြေရှားသတ္တုဒြပ်စင် ၁၇ မျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် ထွက်ရှိသည့် Dysprosium နှင့် Terbium အမျိုးအစားများမှာ လျှပ်စစ်ကားနှင့် အဆင့်မြင့်စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရာတွင် အထူးအသုံးဝင်သည့် သတ္တုများဖြစ်သည်။ ထို့ပြင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ၌ အရေးကြီးသည့် ကုန်ကြမ်းပစ္စည်းလည်းဖြစ်သည်။​

မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မြေရှားသတ္တု တူးဖော်တွေ့ရှိရပြီး တရုတ်ကုမ္ပဏီများက မြန်မာစစ်တပ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းထုတ်လုပ်နေပြီး နည်းလမ်းမျိုးစုံဖြင့် လုပ်ကိုင်နေသည့် တရားမဝင်တူးဖော်မှုများလည်း ရှိနေသည်။

ပြီးခဲ့သည့်နှစ်မှစ၍ ရှမ်းပြည်နယ်အတွင်း တရားမဝင် မြေရှားတူးဖော်မှုအချို့ ရှိလာပြီး ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ဒေသ မိုင်ဂျာယာန်နှင့် မံစီဒေသတို့တွင် မြေရှားလုပ်ကွက်များ တိုးလာသည်ဟု ဒေသအခြေစိုက် သဘာဝပတ်ဝန်းကျင်အရေး စောင့်ကြည့်သူတစ်ဦးက ဆိုသည်။

“မြေရှားလုပ်ကွက်တွေကို ဒေသခံတွေ အကြိမ်ကြိမ်ကန့်ကွက်ပြီးတဲ့နောက် မေလဆန်းမှာ တရုတ်ကုမ္ပဏီတွေ ထွက်သွားပါပြီ။ ပန်ဝါနဲ့ ချီဖွေဘက်မှာတော့ ဆက်တူးနေတုန်းပဲ။ ဧပြီလက ချီဖွေမှာ မြေရှားတူးရင်း မြေပြိုလို့ အလုပ်သမားနှစ်ယောက် သေဆုံးသွားတယ်” ဟု အမည်မဖော်လိုသူ ထိုဒေသခံက ပြောသည်။

ဒေသခံများ၏ အပြင်းအထန်ကန့်ကွက်မှုကြောင့် KIO ထိန်းချုပ်ဧရိယာအတွင်းရှိ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒိန်ဆင်းပါဒေသ၌ မြေရှားတူးဖော်မှုလုပ်ငန်းများကို ရပ်တန့်မည်ဖြစ်ကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းတွင် ကြေညာသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်သော ဇခုန်တန့်ယန်းဦးဆောင်သည့် NDA-K ထိန်းချုပ် ကချင်အထူးဒေသ (၁) ပန်ဝါနှင့် ချီဖွေဒေသတို့တွင်မူ မြေရှားသတ္တု တူးဖော်မှုများ အားကောင်းနေဆဲဖြစ်သည်။

အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ အချက်အလက်များအရ ကမ္ဘာပေါ်တွင် မြေရှားသတ္တု အများဆုံးထုတ်လုပ်သည့် နိုင်ငံ ၁၁ ခုရှိသည့်အနက် ပထမနှင့် ဒုတိယနေရာတွင် တရုတ်နှင့် အမေရိကန်တို့ ရှိနေပြီး မြန်မာနိုင်ငံက တတိယမြောက်ဖြစ်သည်။ မြန်မာ့မြေရှားကို တရုတ်တစ်နိုင်ငံတည်းသို့သာ အဓိကတင်ပို့နေခြင်းဖြစ်သည်။

မြေရှားသတ္တု အများဆုံးထုတ်လုပ်ဖြန့်ဖြူးသည့် တရုတ်နိုင်ငံက ကမ္ဘာ့မြေရှားဈေးကွက်ကို ထိန်းချုပ် ခြယ်လှယ်နေပြီး မြေရှားတူးဖော်မှု ရပ် တန့်တော့မည်ဖြစ်ကြောင်း တရုတ်အစိုးရက ဧပြီလအတွင်း ကြေညာခဲ့သည်။

တရုတ်အစိုးရသည် အဆင့်မြင့်နည်းပညာရပ်များကို ၎င်းတို့နိုင်ငံအတွင်း၌သာ ထားရှိနိုင်ရေး အကန့်အသတ်လုပ်ထားသည်ဟုလည်း Centre for Strategic and International Studies (CSIS) အဖွဲ့က သုံးသပ်ထားသည်။ အမေရိကန်နှင့်အပြိုင် နည်းပညာမြင့်ပစ္စည်းများ ထုတ်လုပ်ရေးအတွက် သတ္တုအရင်းအမြစ်နှင့် ဈေးကွက်ကို ထိန်းချုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတကာ လျှပ်စစ်ကား (EV) ထုတ်လုပ်ရောင်းချမှု ဈေးကွက်၌ ၆၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်သည်ဟု နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က ဆိုသည်။ ယခုနှစ် ပထမသုံးလအတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လျှပ်စစ်ကား ထုတ်လုပ်ရောင်းချမှု ဒေါ် လာ ၂ ဒသမ ၃ သန်းဖိုး ရှိခဲ့ကာ နှစ်ကုန်ပိုင်းတွင် ဒေါ်လာ ၁၄ သန်းဖိုးအထိ ရောက်ရှိမည်ဟု IEA က ခန့်မှန်းထားသည်။

ယခုနှစ်အတွင်း လျှပ်စစ်ကားအစီးရေ ၈ သန်းအထိ ထုတ်လုပ်ရောင်းချမည်ဟု တရုတ်နိုင်ငံ၏ ခရီးသည်ယာဉ်အသင်းအဖွဲ့ (China Passenger Car Association) က ထုတ်ဖော်ပြောဆိုထားသည်။ ကမ္ဘာကျော် လျှပ်စစ်ကားကုမ္ပဏီ Tesla သည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စက်ရုံတည်ထားပြီး တရုတ်လျှပ်စစ်ကားကုမ္ပဏီသစ်များလည်း များပြားလာသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s