ပခုက္ကူလျှပ်စစ်ရုံးတွင် ဖုန်းအားသွင်းရန် မီး စက်နှိုးထားပေး

မကွေးတိုင်း၊ ပခုက္ကူမြို့ရဲ့ မြို့ရှောင်လမ်း ပင်မခွဲရုံကို ဓာတ်အားပို့လွှတ်ပေးနေတဲ့ ညောင်ပင်ကြီး-ဗုဒ္ဓကုန်းလိုင်းမှ တိုင်တတိုင်၊ ကျွန်းချောင်း – ဗုဒ္ဓကုန်းလိုင်း တိုင်တတိုင်တို့ဟာ မိုခါမုန်တိုင်းဒဏ်ကြောင့် ကျိုးသွားပြီး ပြန်လည်ပြုပြင်ပြီးမှသာ ပခုက္ကူမြို့နယ်အနေဖြင့် ဓာတ်အား ပြန်လည်ရရှိနိုင်မယ်လို့ ပခုက္ကူလျှပ်စစ်ဌာနက မေလ ၁၅ ရက်နေ့က မနက် ၁၀ နာရီ ဝန်းကျင်မှာ အသိပေးထားပါတယ်။
ဓာတ်အားလိုင်း တိုင်တွေ ပြုပြင်နေတဲ့အချိန် လျှပ်စစ်ရုံးမှာ မနက် ၁၀ နာရီမှ ၁၂ နာရီထိ တစ်ကြိမ် ၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ တစ်ကြိမ် မီးစက်မောင်းပေးထားပြီး ပြည်သူတွေ ဖုန်းအားလာသွင်းနိုင်တယ်လို့လည်း ပခုက္ကူလျှပ်စစ်ဌာနကဆိုပါတယ်။
“မီးက ၃ ရက်ပျက်မယ်လို့တော့ ပြောတယ်၊ မီးမလာရင် အဓိက ရေရဖို့ တအားဒုက္ခရောက်တယ်၊ မီးစက်ဌားရတဲ့ အတွက် ကုန်ကျစရိတ်တွေလည်း များတယ်၊ ထင်း၊ မီးသွေးတွေပါ အကုန်ဝယ်သုံးနေရတယ်၊ ကျမတို့က ဖုန်းဆိုင်ဖွင့်ထားတော့ မီးမလာလို့ ဘာ အလုပ်မဖြစ်တော့ဘူး” လို့ ပခုက္ကူဒေသခံတစ်ဦးက ပြောပါတယ်။
ဓာတ်အားလိုင်းတိုင်တွေ ပြန်လည်ပြုပြင်ဖို့အတွက် ၃ ရက်ခန့် ကြာနိုင်တာကြောင့် ပြည်သူများအနေဖြင့် လိုအပ်တာများကို ပြင်ဆင်ထားနိုင်ဖို့ ပခုက္ကူလျှပ်စစ်ရုံးက အသိပေးထားပါတယ်။ DVB