ဘီးလင်းမြို့နယ် နယ်ခြားရွာမှ ဒေသခံ လက် နက်ကြီးကျည်ထိမှန်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ နယ်ခြားရွာ (ကျားကွင်း)မှ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ မေလ ၁၉ ရက်တွင် ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာမှ ခြေလျင်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ၎င်းတို့ ဆင်းလာရာ လမ်းတစ်လျှောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နယ်ခြားကျေးရွာ( ကျားကွင်း)မှ ဒေသခံအမျိုးသမီးတစ်ဦး ထိုလက်နက်ကြီးကျည် ထိမှန်၍ သေဆုံးခဲ့ကာ ဒေသခံနေအိမ်တစ်လုံး မီးလောင်ခဲ့ရကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် တပ်မဟာ (၅)၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအခြေစိုက် မဲဝိုင်စစ်ကောင်စီစခန်းမှ အင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကြောင်းဖြစ်ပြီး မေလ ၁၅ ရက်နေ့မှစ၍ တပ်မဟာ (၅) မှ တပ်မဟာ (၁)နယ်မြေ၊ ဘီးလင်းမြို့နယ်သို့ ခြေလျင်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

“မနေ့က မဲဝိုင်ဘက်ကဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး ရမ်းသန်းပစ်လို့ နယ်ခြားရွာမှာ ပြည်သူတစ်ယောက်သေတယ်။ သေတာက အမျိုးသမီး၊ အိမ်တစ်လုံး လက်နက်ကြီးကျလို့ မီးလောင်သွားတယ်။ ဒေသခံတွေလည်း ပြေးနေရတယ်” ဟု ဘီးလင်းမြို့နယ်မှ သ တင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ၎င်းတို့ စတင်စစ်ကြောင်းထိုးလာရာ တပ်မဟာ (၅)နယ်မြေ၊ ဒွယ်လိုးမြို့နယ်တစ်လျှောက်တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြကြောင်း တပ်မဟာ (၅) မူတြော်သတင်းစဉ်က ယနေ့ မေလ ၂၀ ရက်တွင် ထုတ်ပြန်ထား သည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်တွင် ထိုစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် တပ်မဟာ (၅) နယ်မြေ၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၊ ဖွေးပွာကျေးရွာအတွင်း ဝင်ရောက်ခဲ့စဉ်က ယင်းကျေးရွာမှ ဒေသခံနှစ်ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားကာ ၎င်းတို့ဘေးကင်းလုံခြုံပြီဟု ယူဆသည့် လမ်းခုလတ်အရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း KNU-မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ထိုစစ်ကောင်စီတပ်သားများသည် ဖွေးပွာကျေးရွာနေ ဒေသခံများ၏ ဖုန်းသုံးလုံး၊ အရပ်သုံး စကားပြောစက်တစ်လုံး၊ ငွေသား ၃၈၀,၀၀၀ ကျပ်၊ ဓါးမြှောင်နှစ်လက်တို့အား ယူဆောင်သွားကြောင်းလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၁၅ရက်၊ ၁၆ရက်နှင့် ၁၈ ရက်တို့တွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းအား တပ်မဟာ (၁) KNLA ပူးပေါင်းစစ်ကြောင်းများက ကြားဖြတ်တိုက်ခိုက်မှုပေါင်း ခြောက်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s