မုန်တိုင်းသေဆုံးစာရင်းနှင့်ပတ်သက်၍ အရေး ယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်အများပြည်သူထိတ်လန့်အောင် မဟုတ်မမှန်သတင်းထုတ်လွှင့်ဟုစွပ်စွဲ

အလွန့်အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးမှုအရေအတွက် တိုးလာနေချိန် မဟုတ်မမှန်သတင်း ထုတ်လွှင့်နေသည့် မီဒီယာတချို့ကို အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်လိုက်သည်။ မုန်တိုင်းအတွင်း စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများ၌ ရိုဟင်ဂျာ ၄၀၀ ကျော်သေဆုံးသည်မှာ မှန်ကန်မှုမရှိကြောင်း စစ်ကောင်စီက ယမန်နေ့ (မေ ၁၉) တွင် ထုတ်ပြန်ခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၁၄၅ ဦးရှိကာ စစ်တွေမြို့အနီးရှိ အုန်း တောခြေ၊ အုန်းတောကြီး (တောင်/မြောက်)၊ ဘောဒူဖ၊ သက်ကယ်ပြင်၊ ဒါးပိုင် စသည့် ရိုဟင်ဂျာဒုက္ခသည် စခန်းများ၌ သေဆုံးသူ ၇၁ ဦးနှင့် ရသေ့တောင်မြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ သေဆုံးသူ ၂၀ ဦး ရှိသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများသေဆုံးမှုနှင့်ပတ်သက်၍ မုန်တိုင်းတိုက်ခတ်ပြီး ၅ ရက်ကြာမှသာ စစ်ကောင်စီက ပထမဆုံးအကြိမ်ထုတ်ပြန်ပြောဆိုခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း ၁၇ ခုမှ ရိုဟင်ဂျာလူဦးရေ တစ်သိန်းနှစ်သောင်းကျော်အနက် ခြောက်သောင်းကျော်ကို မုန်တိုင်းမဝင်ရောက်မီ ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ သေဆုံးသူများမှာ ပြောင်းရွှေ့ပေးရာ၌ လိုက်ပါခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် ကျန်နေခဲ့သူများဖြစ်သည်ဟုလည်း စစ်ကောင်စီက စွပ်စွဲထားသည်။
စစ်ကောင်စီထုတ်ပြန်ချက်တွင် ရိုဟင်ဂျာများကို ဘင်္ဂါလီလူမျိုးဟု သုံးနှုန်းထားသည်။
ရိုဟင်ဂျာများမှလွဲ၍ မုန်တိုင်းကြောင့် ကျန်သေဆုံးသူများမှာ စစ်တွေ၊ မြေပုံ၊ ပုဏ္ဏာကျွန်း၊ တောင်ကုတ်၊ ဧရာဝတီတိုင်း ရေကြည်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် ဒုံးပိုက်နှင့် ပေါက်တောပြင်ရွာတို့မှဖြစ်သည်ဟု စစ်ကောင်စီက ဆိုသော်လည်း မုန်တိုင်းအတွင်း ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ကာ မကွေးတိုင်း ဆင်ဖြူကျွန်း၌ ရေစီးနှင့်မျောပါသေဆုံးသူ ၃ ဦးကို ထည့်သွင်းရေတွက်ထားခြင်း မရှိပေ။
မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့အနီးမှနေ၍ တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် ကုန်းတွင်းပိုင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ချင်းပြည်နယ်နှင့် မကွေးတိုင်း အပါအဝင် ရခိုင်ပြည် နယ်ရှိ မြို့နယ်အများစုတွင် ထိခိုက်ပျက်စီးမှုများ အကြီးအ ကျယ် ဖြစ်ပေါ်ခဲ့ကာ ယနေ့အချိန်ထိ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်သည်။
မိုခါမုန်တိုင်းတိုက်ခတ်ပြီး ၅ ရက်ကြာသည့်တိုင် မုန်တိုင်းသင့်ဒေသများကို သွားရောက်ကူညီရေးနှင့် ပတ် သက်၍ အာဏာသိမ်းစစ်ကောင်စီက ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်သည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းက နာဂစ်မုန်တိုင်းတိုက် ခတ်စဉ် လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့စဉ်ကလည်း အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများကို စစ်အစိုးရ က အလားတူပိတ်ပင်ခဲ့သည်။ myanmar now