မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားရရှိချိန် နာရီအနည်းငယ်သာ ကြာတတ်သော်လည်း မုန်တိုင်းပြီးစတွင် နှစ်ရက်တိုင်တိုင် လျှပ်စစ်ဓာတ်အား တစ်နေကုန် ရရှိခဲ့သည်ဟု ရန်ကုန်မြို့ခံတချို့က ပြောသည်။

အခြေအနေကောင်းနှင့် ၂ ရက် နေထိုင်ခဲ့ပြီးနောက်တွင်မူ ၄ နာရီလာ ၄ နာရီပျက်စနစ် ပြန်ဖြစ်နေသည်ဟု မြို့ခံများက ဆိုကြသည်။

“ဝမ်းသာရမလား ဝမ်းနည်းရမလားတောင် မသိဘူး၊ အရင်က လာချိန်တောင် မမှန်တာ၊ အခု လာချိန်လေး မှန်လာတယ် ပြောရမှာပေါ့။ အနည်းဆုံးတော့ ထမင်းချက်ချိန်၊ ဟင်းချက်ချိန် စိတ်ချလက်ချ ချက်လို့ရတယ်” ဟု အသက် ၄၀ ခန့်အရွယ် ရန်ကုန်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အရှေ့ဒဂုံမြို့နယ်မှ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဓာတ်အားရရှိမှု မူမမှန်သေးဟု ဆိုသည်။

“အခုတောင် တစ်နာရီမှ ပျက်ရမယ့် မီးက အခုကတည်းက ပျက်နေတာ၊ ဥပမာ ညနေ ငါးနာရီ လာရမဲ့မီး ဆိုပါစို့၊ လာတယ်၊ သိမ်မကြာခင် ပျက်တာများတယ်။ မီးကတော့ အချိန်နဲ့ပျက် အချိန်နဲ့လာပေါ့။ ဒါပေမဲ့ ပျက်ချိန်က တိကျပြီး လာချိန်ကတော့ မတိကျဘူး” ဟု အရှေ့ဒဂုံမြို့နယ်မှ အမျိုးသားက ယနေ့ နေ့လယ်ပိုင်းက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အိမ်ထောင်ရှင်အမျိုးသားတစ်ဦးကမူ ၎င်းတို့၏ အခြေအနေသည် အရှေ့ဒဂုံမြို့နယ်တွင် ရင်ဆိုင်နေရသည်ထက် အနည်းငယ် ပိုကောင်းသည်ဟု ပြောသည်။

“အရမ်းပူနေချိန်တုန်းက လာချိန်တောင် မမှန်ဘူး၊ ၉ နာရီလာရမယ်ဆိုရင် အလာပြတယ်၊ ခဏလာပြီးရင် ပြန်ပျက်သွားတယ်။ အခုကတော့ အဆိုးထဲက အကောင်းလား မသိဘူး (မီးအလှည့်ကျ) လာချိန်လေးတော့ မှန်နေတယ်” ဟု အထက်ပါ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့မြို့နယ်တွင် ဓာတ်အား ပုံမှန်ရသော ရပ်ကွက်တချို့ ရှိသည်ဟုလည်း ပြောသည်။

မုန်တိုင်းမလာမီကပင် နိုင်ငံအနှံ့အပြား မိုးရွာသွန်းခြင်းကြောင့် ရေအားသုံး ဓာတ်အားပေးစက်ရုံများတွင် ဓာတ်အား ပိုမို ထွက်ရှိခဲ့ဟန်တူသည်ဟု တချို့က ယူဆသည်။

အာဏာမသိမ်းမီက နိုင်ငံအနှံ့ မြို့နယ်အများအပြား လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိခဲ့သည်။

ရန်ကုန်မြို့ လက်ရှိအပူချိန်သည် ၃၅ နှင့် ၃၆ ဒီဂရီစင်တီဂရိတ်အကြား ပုံမှန်ရှိနေသည်၊ လျှပ်စစ်ဓာတ်အား ပုံမှန် ဖြန့်ဝေနိုင်ခြင်း မရှိသော ကြောင့် ပူပြင်းမှုသည် ပိုမို သိသာလာပြီး အထပ်မြင့်တိုက်ခန်းများပေါ်သို့ ရေမတင်နိုင်ခြင်း၊ ပန်ကန်၊ လေအေးစက်၊ ဓာတ်လှေကား အသုံးမပြုနိုင်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများနှင့်လည်း ရင်ဆိုင်နေရသည်။

စီးပွားရေးလုပ်ငန်းကြီးများ တည်ရှိခြင်း၊ လူနေသိပ်သည်းလွန်းခြင်းတို့ကြောင့် ရန်ကုန်သည် မြို့ငယ်များထက် ဓာတ်အား ပိုမို လိုအပ်လျက်ရှိရာ လက်ရှိအခြေအနေကြောင့် မြို့ပြတွင် နေထိုင်သူတို့၏ နေ့စဉ်လူမှုဘဝ အဆင်မပြေမှုများစွာ ဖြစ်ပေါ်နေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s