မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက် နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ သေဆုံး


ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ စဝေ ကျွန်းတောကျေးရွာအတွင်းသို့ စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး၍ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်တွင် ခမရ (၅၉၉)၊ ခမရ(၅၉၀)၊ တပ်မ(၄၄) နှင့် ခလရ(၄၈) တို့မှ စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်းသို့ လက်နက်ကြီး အလုံးရေ ၂၀ ကျော် ပစ်ခတ်ကာ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုလက်နက်ကြီးကျည်ထိမှန်၍ ကျေးရွာမှ အသက် ၁၄ နှစ်အရွယ်ရှိ မင်းရဲဆက် (ခ) သားငယ်လေး သေဆုံးခဲ့ရပြီး အသက် ၁၈ နှစ်အရွယ်ရှိ ကိုမြင့်မြတ်သူနှင့် အသက် ၄၀ ကျော်အရွယ်ရှိ မလှစန်းတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း အဆောက်အအုံတစ်လုံး၊ ဒေသခံအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
” စဝေ ဘက်ကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ပစ်တာ ဒေသခံတစ်ယောက်သေတယ်။ နာမည်က သားငယ်လေး။ ကျွန်းတောက အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက် ဒဏ်ရာရထားတယ်။ လူမနေတဲ့အိမ်တစ်လုံးပျက်စီးသွားတယ်။ စဝေ ဘုန်းကြီးကျောင်းက ဒေသခံသုံးယောက်ကိုလည်း လက်ပြန်ကြိုးတုတ်ပြီး ဖမ်းထားတယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကြောင်းထိုး၀င်ရောက်လာသည့် စစ်ကောင်စီတပ်သည် စဝေ ကျွန်းတောကျေးရွာအတွင်း ဝင်ရောက်အထိုင်ချကာ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်နေ၍ စဝေ ကျွန်းတော၊ နှောင်ကုန်း၊ တောင်စု၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်း၊ ညောင်ပင်သာကျေးရွာတို့မှ ဒေသခံပြည်သူ ဦးရေ ၁၄,၀၀၀ နီးပါး ဘေးလွတ်ရာ အနီးရှိ တောစပ်များသို့ သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ထို့နောက် မေလ ၁၈ ရက် နေ့လယ်၂ နာရီဝန်းကျင်တွင် စဝေကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်သားများနှင့် KNLA၊ PDF များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အထိအခိုက်များခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
” စဝေတိုက်ပွဲမှာ KNLA ဘက်က တစ်ယောက်ထိခိုက်ဒဏ်ရာရထားတယ်။ စစ်သားတွေကတော့ လဲကျနေတာ အတုံးအရုံးပဲ။ အတိအကျတော့ မသိရဘူး” ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုသည်။
ထို့ပြင် မေလ ၉ ရက်နေ့၊ နံနက်ပိုင်းကလည်း ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ဝိုင်းကျေးရွာအတွင်းရှိ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ မူကြိုကျောင်း၊ ဘုံပစ္စည်းထားရာ အဆောက်အဦးအားလုံးတို့အပြင် ဒေသခံနေအိမ် ၄၂ လုံးခန့် ရွာလုံးကျွတ် မီးလောင် ပျက်စီးခဲ့ရကြောင်း သိရသည်။ mizzima