လူ့အခွင့်အရေးဥပဒေကို လိုက်နာပေးရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၃၀ က စာထုတ်တောင်းဆို

ရှမ်းပြည်နယ်အတွင်း အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို လိုက်နာပေးကြရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၃၀ က စာထုတ်တောင်းဆိုထားသည်။

“နိုင်ငံရေးအခြေအနေအရ သတင်းဖော်ပြမှု အားနည်းလို့ နှစ်နှစ်တာ ကာလမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့အရာတွေက ဆိုးရွားလာတယ်” ဟု အမည်မဖော်လိုသော သျှမ်းတက်ကြွလှုပ်ရှားသူများအဖွဲ့ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့မှ ဦးဝါလနှင့် အရပ်သားအချို့အား ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့က ဧပြီလ အတွင်းတွင် ဖမ်းဆီးသွားပြီး မေလ ၉ ရက်နေ့တွင် ဦးဝါလ အား လက်ပြန်ကြိုးတုပ်ကာ သစ်ပင်တွင် တွဲလောင်းချည်ပြီး အောက်ကနေ မီးမြှိုက်ကာ SSPP/SSA မှ တပ်သားများက မေးမြန်းစစ်ဆေးနေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံံ့နှံံ့ခဲ့သည်။

ယင်းဖြစ်စဉ်သည် စစ်စည်းမျဉ်းစည်းကမ်းနှင့် လူ့အခွင့်ရေးဆိုင်ရာ ဥပဒေတို့ကို ချိုးဖောက်ကျူးလွန်နေပြီး ထိုဖြစ်စဉ်ထဲမှ ဦးဝါလအပါအဝင် ဖမ်းဆီးခံ အရပ်သားများအားလုံး ပြန်လည်လွှတ်ပေးရန်၊ နစ်နာသူများနှင့် မိသားစုဝင်များအတွက် ကျူးလွန်သည့် အဖွဲ့အစည်းများမှ တာဝန်ယူပေးရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

ထိုဖြစ်စဉ်နှင့် အလားတူ လက်နက်ကိုင် အဖွဲ့အစည်းများမှ လူ့အခွင့်အရေးချိုးဖောက်ခြင်းကို ကျူးလွန်ထားသည့် အမှုပေါင်း ၃၀ ကျော်ကို စာရင်းကောက်ယူရရှိထားပြီး မည်သည့်အဖွဲ့မှ ကျူးလွန်ခဲ့သည်ကိုမူ အချက်အလက်သက်သေများ စုဆောင်းဆဲဖြစ်ကြောင်း ပြည်ပရောက် သျှမ်းအမျိုးသားရေးတက်ကြွလှုပ်ရှားသူများကွန်ရက် (Oversea Shan Patriotic Network) မှ ပြောခွင့်ရသူ နန်းမောက်ဟွမ်က ပြောသည်။

“အချက်အလက် သက်သေတွေ စုစည်းနေဆဲပါ။ ကျမတို့ စာထုတ်ပြီးတဲ့နောက် ထွက်ပေါ်လာမယ့်ရလဒ်ကို အချိန်အတိုင်းအတာတစ်ခုအ တွင်း ပြောင်းလဲမှုရှိမရှိ စောင့်ကြည့်နေပါတယ်” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းများမှ ဖိအားပေးခြိမ်းခြောက်မှုများမှာ လက်လှမ်းမမီနိုင်သည့် ဖြစ်ရပ်များလည်း ရှိကြောင်း သိရသည်။

ဖမ်းဆီးနှိပ်စက်ခံရခြင်းများတွင် ရှမ်းလူမျိုးတစ်မျိုးတည်းသာမက အခြားသော တိုင်းရင်းသားလူမျိုးစုများလည်း ပါဝင်ကြောင်း ဆိုသည်။

အရပ်သားများအား စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ခြင်းအပြင် အမျိုးသမီးများအား လိင်စော်ကားမှုများပြုလုပ်ခြင်းနှင့် အတင်းအဓမ္မ စစ်သားစုဆောင်းနေမှုများ၊ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်နေသည့် လုပ်ရပ်များလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ကျောက်မဲမြို့နယ် နောင်ပိန်ရွာ၌ SSPP/SSA မှ တပ်သားသစ််များ စုဆောင်းခဲ့ရာ ရွာသား ၆၀ ခန့်ကို ခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

စစ်စည်းမျဉ်းဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများအား လိုက်နာပေးကြရန် ရှမ်းပြည်နယ်အတွင်း လူ့အ ခွင့်အရေးများ ချိုးဖောက်ကျူးလွန်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးထံသို့ ရှမ်း၊ ဓနု၊ လားဟူ၊ ရှမ်းနီ၊ တအာင်း စသည့် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်း ၃၀ ခုမှ စုပေါင်းတောင်းဆိုထားကြခြင်းဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s