ကန်ပက်လက်မြို့နယ်တွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အကူအညီ လိုအပ်


ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်တွင် ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း မိုခါမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေး ကော်မတီ(ကန်ပက်လက်) က မေလ ၂၀ရက်နေ့တွင် ထုတ်ပြန် သည်။
ထိုကော်မတီ၏ မေလ ၁၉ရက်အထိ ကောက်ခံရရှိထားသော စာရင်းများအရ ကန်ပက်လက်မြို့နယ်အတွင်း ပျက်စီးခဲ့သည့် လူနေအိမ် ၊ စာ သင်ကျောင်း ၊ စပါးကျီ ၂၅၇ လုံးအနက် ၂၁လုံးမှာအလုံးစုံပျက်စီးခဲ့ပြီး ကျန်၂၃၆လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည်ဟု သိရသည်။
ထို့ပြင် အိမ်မွေးတိရိစ္ဆာန်များဖြစ်သော ကျွဲ ၊ နွားနောက် ၊ ဆိတ် ၊ ဝက် နှင့် ကြက် ၃၇ ကောင် သေဆုံးခဲ့ရပြီး ရေလှောင်ကန် သုံးလုံး ၊ ဆိုလာပြား အချို့နှင့် လမ်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းနှင့် ထပ်တိုးစာရင်းရှိနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အရေးပေါ်အနေနဲ့ကတော့ တာလပတ် ၊ အစားအသောက် ၊ ဆေးဝါး လိုအပ်နေပါတယ်” ဟု ကန်ပက်လက်မြို့နယ် မိုခါမုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ကိုဂျက်ကီ က မဇ္စျိမ ကိုပြောသည်။
မုန်တိုင်းမလာမီက အရေးပေါ်သုံးစွဲရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ကူညီသော ကျပ်ငွေ ၁,၀၀၀,၀၀၀ မှအပ အခြားအကူအညီများ မရရှိသေးကြောင်း ၎င်းကဆိုသည်။
မိုခါ မုန်တိုင်းကြောင့် နေအိမ်ပျက်စီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်သေဆုံးခြင်းများကို ကြုံတွေ့ရသည့် ဒေသခံ ဦးရေမှာ ၁,၇၀၀ ရှိပြီး ယခင် စစ်ဘေးရှာင်ဦးရေမှာ ၅,၆၀၀ ကျော်ရှိကာ ၎င်းတို့ အားလုံးအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
မီဒီယာများနှင့် ချိတ်ဆက်မှုအားနည်းခြင်း၊ ထင်ပေါ်ကျော်ကြား လူသိများသူများ( ဆယ်လီ) များ မရှိခြင်းတို့ကြောင့် ကန်ပက်လက်မြို့နယ်၏ အဖြစ်အပျက်များကို လူသိနည်းနေပြီး အကူအညီရရှိမှုလည်း နည်းပါးကြောင်း ကိုဂျက်ကီက သုံးသပ်ပြောဆိုသည်။
စစ်တပ်က အာဏာမသိမ်းခင်ကပင် မြို့နယ်၏ ၄၀ရာခိုင်းနှုန်းခန့်သာ ဖုန်းလိုင်း ရရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ဖုန်းလိုင်းများ ထပ်မံဖြတ်တောက် ခံရသဖြင့် ယခု အချိန်တွင် မြို့၏ ၁၀ရာခိုင်နှုန်းခန့်သာ ဖုန်းလိုင်းရရှိတော့ကြောင်းသိရသည်။ ကန်ပလက်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ဒေသခံများနှင့် အတူ ချင်းကာကွယ် ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet တပ်ဖွဲ့၏ တပ်ရင်း (၁) ၊ (၂) ၊ (၃) ရှိ စခန်းများ၏ ခေါင်မိုးများပျက်စီးပြီး သစ်ကိုင်းကျိုးကျကာ စခန်းအချို့ ပျက်စီးခဲ့၍ ပြန်လည်ပြုပြင်နိုင်ရေးအတွက်လည်း အကူအညီများ တောင်းခံထား သည်။ mizzima