ခုခံစစ်ကာလ ခေါင်းဆောင်မှု

ခေါင်းဆောင်မှုပညာသည် အလွန်နက်နဲ ကျယ်ပြန့်လှသည်။ အသင်းအဖွဲ့ ခေါင်းဆောင်မှု၊ ပါတီနိုင်ငံရေး ခေါင်းဆောင်မှု၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှု၊ နိုင်ငံလုံးဆိုင်ရာ ခေါင်းဆောင်မှု၊ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုအထိ အနေအထားအလိုက် ခေါင်းဆောင်မှု အမျိုးမျိုး ရှိနေကြသည်။
မည်မျှပင် အမျိုးအစားကွဲပြားသည်ဖြစ်စေ၊ ခေါင်းဆောင်ကောင်းတို့သည် ၎င်းတို့၏ နောက်လိုက်များ အပါအဝင် ဦးဆောင်ရာအသိုင်းအ ဝန်း၏ စည်းလုံးညီညွတ်ရေး၊ တိုးတက်ရေး၊ လုံခြုံရေး၊ သက်သာချောင်ချိရေး စသည့် လူသားအကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်ကြသည်။
ကမ္ဘာ့သမိုင်းတွင်လည်း ခေါင်းဆောင်အမျိုးမျိုးတို့ ပေါ်ထွန်းခဲ့၊ ပေါ်ထွန်းဆဲ၊ ဆက်လက် ပေါ်ထွန်းနေကြဦးမည် ဖြစ်သည်။ မိမိတို့နိုင်ငံတွင်လည်း ခေါင်းဆောင်မှုနှင့်သက်ဆိုင်သော အဆိုအမိန့်များ၊ သာဓကများ၊ လမ်းညွှန်မှုများ ခေတ်အဆက်ဆက် တည်ရှိနေခဲ့သည်။
ဗုဒ္ဓတရားတော်လာ ခေါင်းဆောင်ရွေးချယ်မှုဆိုင်ရာ ထုံးဓလေ့များတွင်လည်း ‘ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု ဤခြောက်ခု ကြီးသူ့ကျင့်ဝတ်တာ’ ဟူ၍ ခေါင်းဆောင်ကောင်းတို့ လိုက်နာအပ်သော အမူအကျင့်များကို ညွှန်ပြထားခဲ့သလို ခေါင်းဆောင်မဖြစ်ထိုက်သူများ၏ အမူအကျင့်များကိုလည်း ‘ဂဏန်း၊ ပုတ်သင်၊ ဝါးပင်၊ လိပ်မျိုး၊ နွားသိုး၊ ခွေးအ ဤ ခြောက်ဝ ရှောင်ကြနာယကာ’ ဟူ၍ ညွှန်ပြဆုံးမထားခဲ့ပါသည်။
ဂဏန်းကဲ့သို့ ကန့်လန့်တိုက်တတ်သူ၊ ပုတ်သင်ကဲ့သို့ သူများပြောသမျှ ခေါင်းညိတ်တတ်သော ကိုယ်ပိုင်ဉာဏ်မရှိသူ၊ ဝါးပင်ကဲ့သို့ လေယူရာယိမ်းပြီး ဆုံးဖြတ်ချက်မခိုင်မာသူ၊ လိပ်ကဲ့သို့ ကိုယ့်ဘက်ကိုယ်ယက် ကိုယ်ကျိုးကြည့်သူ၊ နွားသိုးကဲ့သို့ စဉ်းစားတွေးတောခြင်းမရှိ တဇွတ်ထိုးပြုမူတတ်သူ၊ ခွေးအကဲ့သို့ ကောက်ကျစ်တတ်သူများကား ခေါင်းဆောင်မဖြစ်ထိုက်သူများ ဖြစ်သည်။
ယခုကာလ မြန်မာပြည်သူတို့ အခြေအနေမှာ စနစ်တကျ ဖွဲ့စည်းထားသော၊ institution ခိုင်မာသော နိုင်ငံပိုင်စစ်တပ်၏ သစ္စာဖောက်ခြင်းကို ခုခံတွန်းလှန်နေရသည်ဖြစ်ရာ စနစ်ကျသော၊ ထက်မြက်သော ခေါင်းဆောင်မှု များစွာလိုအပ်ပါသည်။ အင်အားကြီး စစ်တပ်တခုကို နိုင်ငံရေး၊ စစ်ရေးဖြင့် တွန်းလှန်ရမည်ဖြစ်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အနေဖြင့် ထူးချွန်ထက်မြက်သော အုပ်ချုပ်ရေး၊ စစ်ရေးခေါင်းဆောင်များ မွေးထုတ်ရမည့်အချိန် ဖြစ်သည်။
သာမန်အချိန်တွင် အရပ်ဘက်၊ စစ်ဘက် ခေါင်းဆောင်မှုအတွက် အရာရှိလေ့ကျင့်ရေး ကျောင်းများဖြင့် စနစ်တကျ မွေးထုတ်နိုင်သော်လည်း မိမိတို့အနေအထားမှာ တနိုင်ငံလုံး အတိုင်းအတာနှင့် ထိုသို့ အရာရှိများ မွေးထုတ်ပေးရန် ခက်ခဲလှ၏။ သက်တမ်းရှည် တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသော KIA၊ KNU တို့တွင် အရာရှိသင်တန်းများ ဖွင့်လှစ်နိုင်ကြသော်လည်း နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက်မူ များစွာခက်ခဲလှ၏။ တနိုင်ငံလုံးအတွက် စံသတ်မှတ်ချက်တခုဖြင့် ခေါင်းဆောင်များ မွေးထုတ်ရန် ပို၍ပင် ခက်ခဲလှပါသည်။
ထို့ကြောင့် မိမိတို့အခြေအနေနှင့် ကိုက်ညီနိုင်သော နည်းလမ်းများဖြင့် ကြံဆလျှောက်လှမ်း ကြရမည် ဖြစ်သည်။
‘အရာရှိကို သက်ဆိုင်ရာက စည်းမျဉ်းစည်းကမ်းများဖြင့် မွေးထုတ်ပေးပြီး ခေါင်းဆောင်ကိုတော့ ၎င်း၏ပတ်ဝန်းကျင်ကပင် ရွေးချယ်တင် မြှောက်သည်’ ဟူသော ဆိုရိုးရှိပါသည်။ လက်ရှိအနေအထားနှင့် ချိန်ညှိရန် အသင့်တော်ဆုံးစကားဖြစ်၏။
သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ ရွေးချယ်ပေးထားသော ခေါင်းဆောင်များကို အခြေပြု၍ ပိုမိုကောင်းမွန်သော ခေါင်းဆောင်မှုများ ရရှိရန် ပြန်လည်လေ့ကျင့် မွမ်းမံပေးခြင်းဖြင့် အခြေအနေနှင့် ကိုက်ညီသော ခေါင်းဆောင်ကောင်းများ မွေးထုတ်နိုင်၏။
ခုခံတွန်းလှန်ရေး နယ်ပယ်အသီးသီးတွင် ဦးစီးဦးဆောင်နေရာ ယူထားသူများ အနေနှင့်လည်း ပိုမိုကောင်းမွန်သော ခေါင်းဆောင်မှု အရည်အ ချင်းများ ရရှိရန် မိမိကိုယ်ကိုယ် ခေါင်းဆောင်မှုသီအိုရီများ၊ ဆောင်ရန်ရှောင်ရန် စည်းမျဉ်းများဖြင့် အစဉ်အမြဲ ချိန်ထိုးသုံးသပ် ပြုပြင်တည် ဆောက်နေသင့်ပါသည်။ အာဏာယစ်မူးတတ်သူများ၊ အာဏာအလွဲသုံးစား လုပ်တတ်သူများ မဖြစ်လာစေရန် အထူးဂရုပြု ဆင်ခြင်ကြရမည်လည်း ဖြစ်သည်။
မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းသော၊ စည်းကမ်းရှိသော ခေါင်းဆောင်ဖြစ်မှ လက်အောက်ငယ်သားများကို ကိုယ်ချင်းစာတတ်သူများ၊ စည်းကမ်းရိုသေသူများ၊ အမိန့်နာခံတတ်သူများဖြစ်အောင် လေ့ကျင့်ပေးနိုင်မည်ဖြစ်သည်။ မျှတသော၊ မှန်ကန်သော အမိန့်များကို လက် အောက်ခံများမှ လိုက်နာဆောင်ရွက်အောင် ပေးနိုင်စွမ်းရှိရန် မိမိကိုယ်ကိုယ်လည်း တည်ဆောက်ယူသင့်၏။ ကိုယ်ကျိုးမငဲ့သော၊ ကိုယ်တိုင်စည်းကမ်းရှိပြီး လက်အောက်ကို နားလည်စာနာတတ်၊ အမိန့်ပေးတတ်၊ အမိန့်ကိုနာခံအောင် ဆောင်ရွက်နိုင်သောသူများဖြစ်ရန် ဦးစီးဦးဆောင်များကိုယ်တိုင် စဉ်ဆက်မပြတ် ကြိုးစားရမည်လည်း ဖြစ်သည်။
ထို့အတူ မိမိတို့အဖွဲ့အစည်းအတွင်းမှလည်း ထိုသို့သော အရည်အချင်းရှိသူများကို စောင့်ကြည့်၊ ရွေးချယ်တင်မြှောက်၊ လေ့ကျင့်ပေးခြင်းဖြင့် ခေါင်းဆောင်မှုကဏ္ဍကို မြှင့်တင်ရမည်ဖြစ်သည်။ ထိုသို့ ခေါင်းဆောင်မှုကောင်းကောင်းဖြင့် ဦးဆောင်နိုင်မှသာ စည်းကမ်းရှိသော၊ အမိန့်နာခံသော၊ ဖွဲ့စည်းမှုကောင်းသော တပ်များ တည်ဆောက်နိုင်မည်ဖြစ်သည်။
အချင်းချင်း အပြန်အလှန်လေးစားသော တပ်တည်ဆောက်နိုင်ရန်နှင့် ပြည်သူလူထုအား လေးစားမှုရှိရန်လည်း အသေအချာ ဂရုပြု ကြိုးစားသင့်ပါသည်။ ထိုသို့ ခိုင်မာအားကောင်းသော ခေါင်းဆောင်မှုရှိမှသာ မဟာဗျူဟာချမှတ်ပြီး အဆုံးအဖြတ်ပေးနိုင်သော စစ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
သို့မှသာ ပြည်သူလူထု လိုလားတောင့်တလျက်ရှိသော လွတ်လပ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။ ထို့ ကြောင့် စနစ်ကျသော ခေါင်းဆောင်မှုကဏ္ဍကို မြှင့်တင်ရန် အထူးလိုအပ်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။
ညိုသူ