ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာများ ထောက်ပံ့မှုအနည်းအကျဥ်းသာ ရရှိသေး

ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့သည့် ကျေးရွာများမှာ လက်ရှိ အချိန်အထိ ထောက်ပံ့မှုအနည်းအကျဥ်းလောက်သာရရှိသေးပြီး စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက် အခဲများဖြစ်ပေါ်နေကြောင်း မြေပြင်တွင် အကူအညီပေးနေသည့်အဖွဲ့များထံမှ သိရသည်။
လက်ရှိတွင် စားနပ်ရိက္ခာခက်ခဲနေသောနေရာများ၌ စစ်ကောင်စီ၏လှုပ်ရှားမှုများကို မတွေ့ရသေးသကဲ့ သို့ နိုင်ငံတကာနှင့်အရပ်ဘက်အဖွဲ့အစည်းများ၏ထောက်ပံ့မှုမှာလည်း အနည်းအကျဥ်းသာရရှိသေးကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်(CAN) မှ Coordinator ကိုခိုင်ကပြောသည်။
“မြေပြင်အောက်ခြေကို ရောက်နိုင်တဲ့အနေအထားတော့ မတွေ့ရသေးဘူး။ အဖွဲ့အစည်းတွေ data assessment တို့ဘာတို့ကောက်နေတဲ့ အနေအထားပဲရှိသေးတယ်။ response က တော်တော်လေးနည်း တယ်ပြောလို့ရတယ်။ နောက်ကျနေပြီ။ တော်တော်လေး နောက်ကျနေပြီ။ အရေးပေါ်လိုအပ်တဲ့အနေ အထားကို သေသေချာချာရောက်အောင်လုပ်နိုင်တဲ့အနေအထားတော့ ကျွန်တော်တို့ သိပ်မတွေ့ရသေး ဘူး။ အခုသွားပြီးပေးနေတဲ့ ကျွန်တော်တို့လိုအဖွဲ့အစည်းတွေ၊ Local CSO တွေ သွားပေးနေတဲ့ဟာလေး တွေတော့ရှိတယ်။ ဒါပေမဲ့ အဲ့ဒီဟာလေးနဲ့တော့ သိပ်ပြောပလို့မရနိုင်သေးတဲ့ အနေအထားလို့ပြောလို့ရ တယ်” ဟု ဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်စသည့်မြို့ နယ်တို့တွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး မြောက်ဦးနှင့် မင်းပြား မြို့နယ်တို့တွင်လည်း မုန်တိုင်းဒဏ်ခံခဲ့ရကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်(CAN) ကပြောသည်။
စစ်ကောင်စီကမူ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည့် ရခိုင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၇၀,၀ ၀၀ထောက်ပံ့ထားသကဲ့သို့ အရန်ဆန် တန် ၃,၀၀၀ ကို စစ်သင်္ဘော၊ အရပ်ဘက်ကုန်တင်သင်္ဘောများဖြင့် ပေးပို့လျက်ရှိကြောင်း ပြောဆိုထား သည်။
ထို့ပြင် မေလ ၁၈ ရက်နေ့က အိန္ဒိယရေတပ်မှ စစ်ရေယာဥ်သုံးစီးဖြင့်တင်ဆောင်လာသည့် ကူညီကယ် ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို မုန်တိုင်းသင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေး ထိုနေ့ညနေပိုင်းတွင် စစ်လေယာဥ်ဖြင့် စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ပြီး အမြန်ဆုံးဖြန့်ဝေနိုင်ရေး စီစဥ်နေကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ရသေ့တောင်နှင့် ပေါက်တောမြို့နယ်တို့ရှိ ကျေးရွာများအပါအဝင် မြို့နှင့်ဝေးသည့် ကျေးရွာ များ၌ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာ လိုအပ်ချက်အခက်အခဲများရှိနေသော်လည်း မည်သည့် ထောက်ပံ့မှုမှမရရှိသေးကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့ကလည်း ပြောသည်။
“မြို့နဲ့ဝေးတဲ့နေရာတွေမှာ တအား အခက်အခဲဖြစ်တယ်။ ဆန်တို့ ဆီတို့ စားသောက်ကုန်တွေကိုလည်း လွယ်လင့်တကူ ဝယ်လို့မရဘူး။ သူတို့နဲ့က
အလှမ်းဝေးတယ်ဆိုတော့ တော်တော်လေး ဒုက္ခရောက်တယ်။ အဲ့ဒီနေရာတွေကိုတော့ ကျွန်တော်တို့ ဖောင်ဒေးရှင်းအနေနဲ့ သွားရောက်လှူဒါန်းနေတာရှိပါတယ်။(စစ်ကောင်စီက) မြို့ပေါ်မှာတော့ မုန်တိုင်းမဖြစ်ခင်က စခန်းတွေကိုပတ်ပြီး ဆန်အိတ်ပေးတာတော့ရှိတယ်။ အခုတော့ ဘာမှ
မကြားသေးဘူး”ဟု အဆိုပါ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လက်ရှိတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့်ကျေးရွာများတွင် ဝမ်းရောဂါစသည့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကိုတွေ့လာရပြီး အခြေခံဆေးဝါးလိုအပ်ချက်လည်းရှိနေကြောင်း မြေပြင်တွင် ကူညီနေသည့် အဖွဲ့များကပြောသည်။
“အခုနောက်ပိုင်းကြားတာတော့ ကန့်သတ်တာတို့ဘာတို့ အများကြီးကြားနေရတယ်။ ဆိုတော့ အထူး သဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့တော့ အဲ့ဒီအကျပ်အတည်းက အနည်းအများကတော့ ရှိလာ မှာပါ။ အဲဒီလိုဆိုရင် အချိန်က ပိုပြီးကြာသွားနိုင်တယ်။ ဒီဟာက လူသားချင်းစာနာထောက်ထားမှုဆိုတော့ နိုင်ငံရေးတွေအများကြီးပါလာရင် လူတွေပိုပြီးဒုက္ခရောက်မယ်” ဟု ACN မှ Coordinator ကိုခိုင်ကဆို သည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်တွင် လူ ၁၄၅ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီက မေလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ mizzima