Monthly Archives: May 2023

ကန့်ဘလူတွင် ၃ ပတ်အတွင်း ၃ ဦး ပစ်သတ်ခံရ၊ အိမ် ၇၀၀ ခန့် မီးလောင်

စစ်ကိုင်းအလယ်ပိုင်း မူးမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းက နေ့စဉ် စီးနင်းနေရာ ယခုလ တတိယပတ်အထိ ကျေးရွာပေါင်း ၂၀ ကျော်မှ အရပ်သား ၃ ဦး သတ်ဖြတ်ခံရပြီး အိမ်ခြေ ၇၀၀ခန့် မီးရှို့ခံရကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က မြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာများကိုလည်းကောင်း၊ တန့်ဆည်မြို့နယ်မှ ကူးလာသည့် ခမရ-၃၆၈ စစ်ကြောင်းက တောင်ဘက်ပိုင်းဒေသ ကျေးရွာများကိုလည်းကောင်း နေ့စဉ် စစ်ကြောင်းထိုး စီးနင်း မီးရှို့နေခြင်းဖြစ်သည်။

စစ်ကြောင်းနှစ်ကြောင်းဖြင့် နေ့စဉ် စီးနင်းနေသဖြင့် ဒေသခံ ရွာသားအများစုမှာ တောင်ယာတောများထဲတွင်သာ နေထိုင်ရတော့ကြောင်း၊ ရွာတိုင်းနီးပါး ရွာပျက်သကဲ့သို့ဖြစ်နေကြောင်း ကန့်ဘလူတောင်ဘက်ခြမ်း ထိန်တောကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ကြောင်း စစ်ကြောင်းတဲ့ ဆိုရင် ပြေးလိုက်ရပြန်ပြီ။ ဘယ်သူမှ ရွာထဲ မနေရဲကြဘူး၊ ဘယ်အချိန် မီးဝင်ရှို့ခံရမလဲ မသိဘူး၊ ဘယ်အချိန် ဝင်စီးမှာဆိုတာလဲ မသိဘူး၊ ရွာထဲ မနေရဲကြတာတော့ အတော်ကြာပြီ” ဟု သူက ဆိုသည်။

ထိန်တောရွာကို မေလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကွမ်းခြံထဲ ကျရောက်ပေါက်ကွဲကာ ကွမ်းရွက်ခူးနေသည့် လင်မယားနှစ်ဦးကို ထိမှန်ခဲ့ပြီး ဇနီးဖြစ်သူ အသက် ၂၄ နှစ်အရွယ် မမြနုသိမ်းမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထိုတစ်ရက်တည်းတွင် ရွာသစ်ကျေးရွာအနီး တောထဲတွင် စစ်ဘေးရှောင်နေသည့် ရွာသားတစ်ဦးကို အဆိုပါစစ်သားများက ပစ်သတ်ခဲ့ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

စစ်ကြောင်းလာသဖြင့် မိသားစုဝင်လေးဦး ပုန်းအောင်းနေစဉ် စစ်တပ်နှင့် ထိပ်တိုက်တိုးကာ အသက် ၃၀ အရွယ် ကိုဆန်းစိုးအောင်မှာ မိဘများရှေ့တွင် မောင်းပြန်သေနတ် ကျည်အိမ်ထဲမှ ကျည်ဆန်ကုန်သည်အထိ ပစ်ခတ်ခံရကြောင်း မျက်မြင်သက်သေများကို ကိုးကားပြီး ဒေသခံတစ်ဦးက ပြောသည်။

“ဘာတိုက်ပွဲမှ မရှိဘူး၊ စစ်ကြောင်းလာလို့ ရှောင်တာ၊ စစ်ကြောင်းက ကပ်နေတော့ ပုန်းကျင်းထဲကနေ မိသားစုလိုက် ထပြေးလိုက်တာ၊ ဗောက်ကုန်ပစ်သတ်ခံလိုက်ရတာ။ ခေါင်းတစ်ချက်၊ ဗိုက်တစ်ချက်မှန်ပြီး သေသွားတာ” ဟု သူက ဆိုသည်။

ကန့်ဘလူတောင်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် ခမရ ၃၆၈ တပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးများသည် မေ ၁၈ တွင် မကျီးကုန်း၊ မေ ၁၉ တွင် ဆူးတပ်၊ ၂၁ ရက်နေ့တွင် ကန့်ဘလူအမှတ် (၁) သကြားစက်အနီးရှိ ဖုတ်ကုန်းကျေးရွာကို မီးတင်ရှို့ကြကာ ဆက်လက်စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

အဆိုစစ်ကြောင်းနှစ်ကြောင်း မီးရှို့မှုကြောင့် တစ်လအတွင်း ပုဏ္ဏားငယ်၊ လေးတွင်းစဉ်၊ ချောင်းသာ၊​ မြေမွန်၊ တ​ရော်ကိုင်း၊ ကန်ကြီး​တောတဲတိုက်၊ ဖိုလ်ကုန်း၊​ ထောက်ရှာအိုင်၊ ခအုံးတာ၊ သရက်​ခေါင်း၊ ငါးရာနဲ၊ ချင်မြစ်ကျင်း၊ သိုးဘိုး၊​ ညောင်​ပေါင်ရင်း၊ ဉာဏ်အင်း၊ ဖလံချိုင်၊ မန်ကျည်းကုန်း၊ ဆူးတပ်၊ ဘုတ်ကုန်းနှင့် ပစ်တိုင်း​ထောင်ရွာတို့မှ အိမ်ခြေ ၇၀၀ ခန့် မီးလောင်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

စစ်ကြောင်းနှစ်ကြောင်းဖြင့် တစ်လနီးပါး စီးနင်းခံနေရသဖြင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံသောင်းနှင့်ချီ ကာလရှည် ထွက်ပြေးနေရဆဲဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

“(ပြည်သူတွေကတော့) ဟိုနားသတ်ခံလိုက်ရ၊ ဒီနားသတ်ခံလိုက်ရပဲ၊ စစ်ကြောင်းတွေက နှစ်ကြောင်းသုံးကြောင်း ပြုံနေတာဆိုတော့ စာရင်းတွေလည်း အကုန်မကောက်နိုင်သေးဘူး၊ စစ်ဘေးရှောင်တွေနဲ့ပဲ အလုပ်ရှုပ်နေသေးတာ။ လတ်တလော ရှောင်နေရတဲ့ ရွာတွေက ရွာပေါင်း ၂၀ လောက်ကို ရှိတာ” ဟု ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် မေ (၄) ရက်ကလည်း သရက်ကံကြီးရွာကို ဝင်ရောက်စီးနင်းစဉ် ထွက်မပြေးဘဲ ကျန်ခဲ့သည့် စိတ်ကျန်းမာရေး မကောင်းသူ အသက် (၅၀) အရွယ် ဦးခိုင်ဇော်ကို သတ်ဖြတ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသည်ကိုပင် သေနတ်ဖြင့် ပစ်သတ်သည့် စစ်ကောင်စီတပ်က လက်နက်ကိုင် ခုခံမှု အားကောင်းသော စစ် ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို မြေလှန်ဖျက်ဆီးနေသည်။

ကန့်ဘလူမြို့နယ်သည် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် မြို့နယ်ဖြစ်သလို စစ်ကောင်စီ၏ ပျူစောထီးအဖွဲ့များစွာရှိသည့် မြို့နယ်တစ်ခုဖြစ်သည်၊ စစ်ကောင်စီတပ်များက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။

စစ်ကောင်စီကမူ ၎င်းတို့သည် အကြမ်းဖက်သမားများကိုသာ ချေမှုန်းနေခြင်းဖြစ်သည်၊ ပြည်သူများကို အကာအကွယ်ပေးနေသည်ဟု ပြောလေ့ရှိသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် အရှေ့ခြမ်းရှိ ပဇီကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး တိုက် ခိုက်ရေးရဟတ်ယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးများနှင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၆၀ နီးပါး သေဆုံးခဲ့ရသည်။ ဧပြီ ၂၀ တွင် ထိုနေရာကို လေတပ်က ထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုတွင် ပေါက်ကွဲမှု များပြားခြင်းမှာ တော်လှန်ရေးအဖွဲ့က ပေါက်ကွဲစေနိုင်သော လက်နက်ပစ္စည်းများ ထိုနေရာတွင် ထားရှိခြင်းကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ myanmar now

မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို မောင်းသူမဲ့လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို မောင်းသူမဲ့လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTFထံမှ သိရှိရသည်။

မေလ ၂၁ ရက်နေ့ နံနက်အစောပိုင်း အင်အား ၉၀ ခန့် ပါသော စစ်တပ် စစ်ကြောင်းက လင်းကတော ရဲစခန်းအတွင်းသို့ ဝင်ရောက်၍ ဝပ် နေစဉ် မွန်းတည့် ၁၂ နာရီအချိန် ညီနောင် မဟာမိတ်များဖြစ်သည့် ဆားလင်းကြီး၊ေရစကြို၊ မြိုင် မြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက စုပေါင်းကာ Shar Htoo Waw Drone နည်းပညာ မောင်းသူမဲ့‌လေယာဉ် များအပြင် Multirotor Drone များဖြင့်လည်း ဗုံးသီးများစွာကို ပစ်မှတ် တိကျမှန် ကန်စွာ စနစ်တကျ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်စစ်ကြောင်းဘက်မှ ထိခိုက်မှုများ များစွာရရှိနိုင်သော်လည်း သတင်းသတိအကျကိုတော့ စစ်ကြောင်းဖြစ်နေသည့်အတွက် မြေပြင်သ‌တင်းထောက်မှ ထောက်လှမ်း အတည်ပြု ၍မရရှိ နိုင်သေးကြောင်း၊ စက်ပစ္စည်း ချို့ယွင်း ၍ လေယာဉ်ငယ် တစ်စီးအား ဆုံးရှုံးခဲ့ရကြောင်း Salingyi Special Task Force – SSTF ထံမှ သိရှိရသည်။ khit thit

ရေဘေးသင့်ဆင်ဖြူကျွန်းဒေသကို စစ်ကောင် စီက ထိထိရောက်ရောက် ကူညီမှုမရှိသေး

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ ရေဘေးသင့်ခဲ့ပြီး ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းဘက်က တောင်ကျရေတွေကြောင့် မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ဆင်ဖြူကျွန်းဒေသမှာ စလင်းချောင်း ရေကြီးကာ အနီးတဝိုက်က ကျေးရွာတွေ အကုန်နီးပါး ရေမြုပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရေဘေးသင့်ရွာတွေမှာ ရေပြန်ကျသွားပေမဲ့ နုန်းတွေကျန်နေပြီး ပြန်လည်ထူထောင်ရေးမှာ ရေဘေးသင့်ပြည်သူတွေအတွက် အခြေခံ မီးဖိုချောင်သုံး ပစ္စည်းတွေ လိုအပ်နေတယ်လို့ သွားရောက်လှူဒါန်းသူတွေက ပြောပါတယ်။

စလင်းမြို့နယ်မှ သွားရောက်လှူဒါန်းခဲ့သူတဦးက “ရွာတွေကတော့ တော်တော်ဆိုးတယ်ဗျာ။ ပြီးတော့ ပိုက်ဆံမရှိတဲ့သူလည်း များတယ်။ ဆိုးတယ်ဆိုတာ အိမ်တွေဘာတွေ အကုန်မြုပ်သွားတာ။ ရေမျောပြီး သေတဲ့လူ ၄ ယောက်ရှိတယ်။ အခု လှူတဲ့သူတွေကတော့ နီးစပ်ရာကော တ ချို့မြို့က လာသူတွေရော ရှိတယ်။ ပြန်လည်ထူထောင်ရေးအတွက် အဓိက လိုအပ်ချက်ကတော့ အခြေခံ အိုးခွက်ပန်းကန်၊ မီးဖိုတို့၊ ချက်ပြုတ်စားဖို့က အကုန်လုံးက ပျက်စီးသွားတာလေ။ ကျနော်တို့ ဖိနပ်လှူတယ်၊ ဇလုံတို့၊ ဇွန်းတို့ လှူတယ်။ ဖြစ်ဖြစ်ချင်းနေ့ကတော့ ထမင်းထုပ်လှူတယ်။ အခုက ထမင်းထုပ်တော့ မလိုတော့ဘူး။ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်ပန်းကန်တို့၊ မီးဖိုတို့၊ ဒန်အိုးဒန်ခွက်တို့ အဲဒါတွေ အဓိကလိုတယ်။ နွယ်တမယ် တလျှောက်လုံး ဆိုးတာပါပဲ။ နွယ်တမယ်က ဒဏ်အခံရဆုံးပေါ့။ ချောင်းထိပ်ဆိုတော့ အဲ့ဘက်ရွာတွေဆို အိမ်တွေ တော် တော်မြုပ်တယ်။ နွယ်တမယ်က လမ်းပေါ်မှာပေါ့။ နွယ်တမယ်ရဲ့ တောင်ဘက်ချောင်းတလျှောက် ၈၊ ၉ ရွာလောက်ရှိတယ်။ အကုန်လုံးမြုပ်တာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေကြီးမှုကြောင့် ဆင်ဖြူကျွန်းဒေသမှာ လူပေါင်း ၂၆,၀၀၀ ကျော် သဘာဝဘေးဒုက္ခ ခံစားနေရပေမဲ့ စစ်ကောင်စီဘက်က တာဝန်ရှိသူတွေ ထိထိရောက်ရောက် ကူညီပေးတာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးမှုဒဏ် စကြုံရစဉ် ပရဟိတအသင်းတွေနဲ့ လှူဒါန်းမယ့်သူတွေ လမ်းပန်းဆက်သွယ်ရေး သွားရခက်ခဲခဲ့ပြီး လက်ရှိအချိန်မှာတော့ သွား လာရ မခက်ခဲတော့မဲ့ ရေကြီးမှုဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ ရွာတွေမှာ ပဲစိုက်တောင်သူတွေဟာ နာလန်မထူနိုင်အောင် ခက်ခဲနေတယ်လို့ ဆင်ဖြူကျွန်း ဒေသခံတဦးက ပြောပါတယ်။

“တောင်သူတွေအတွက် လောလောဆယ် ဘာမှ ထိထိရောက်ရောက် ကူညီထောက်ပံ့မှု မတွေ့ရဘူး။ တောင်သူလယ်သမားတွေအတွက် ဘာမှ ထူးခြားတဲ့ပံ့ပိုးမှု မတွေ့ရဘူး။ တောင်သူတွေမှာတော့ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်။ ရေဘေးဆို ရေဘေးအလျောက်ပဲ သွားကြတာ တောင်သူတွေဘက် မလှည့်နိုင်ဘူး။ တော်တော်များများ ခံစားနေရတာတော့ တော်တော်ကို ဆိုးဆိုးဝါးဝါးပဲ။ တောင်သူဘက်မှာဆို မြေဆွေးတွေ ဘာတွေ အခင်းလိုက်ပါသွားတော့ တော်တော်ကို နာလန်မထူနိုင်ဘူး။

“ဒေသခံတွေ မျှော်မှန်းထားတာတော့ ပြန်လည်ထူထောင်ရေးမှာ အတိုင်းအတာတော့ ကြာဦးမယ်။ တချို့ အိမ်လုံးကျွတ်ပါတဲ့ အိမ်ထဲမှာ နွံတွေက ဒူးဆစ်လောက် ရှိနေသေးတယ်။ နွံတွေရှင်းပြီးရင် ပြန်လည်ထူထောင်ရေးလုပ်ရင်း အနည်းဆုံး နှစ်ပတ်လောက် လုပ်ရဦးမယ်။” 

နွယ်တမယ်ချောင်းလို့ လူသိများတဲ့ စလင်းချောင်းမှာ အခုလို ရေကြီးတာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးဖြစ်ပြီး ရေကြီးတာကြောင့် စလင်းချောင်းအနီးက ရွာတွေမှာ ပဲတီစိမ်းနဲ့ နှမ်းစိုက်ခင်းတွေ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

စလင်းချောင်း ရေကြီးမှုကြောင့် ဆင်ဖြူကျွန်းမြို့နယ်အတွင်းက ရပ်ကွက် ၃ ခု၊ ကျေးရွာ ၅၀ ကျော်၊ အိမ်ထောင်စု ၆,၁၈၃ စု၊ အိမ်ခြေပေါင်း ၅,၉၉၃ အိမ်နဲ့ လူဦးရေ စုစုပေါင်း ၂၆,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး နေအိမ် ၈၇ လုံး ရေမျောပါ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ DVB

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်ရှိ ရွာတစ်ရွာမှ ရိုဟင်ဂျာ ၁၉ ဦး သေဆုံး

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရသေ့တောင်မြို့နယ်၊ မေယုမြစ်ကမ်းဘေး၊ မိုးစဲကျွန်းပေါ်မှ ညောင်ပင်ကြီးကျေးရွာတွင် ကလေးများအပါအဝင် ရိုဟင်ဂျာ ၁၉ ဦး ရေနစ်သေဆုံးခဲ့ပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခာများ ပြတ်လပ်ကာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ရွာခံများထံမှ သိရသည်။

သေဆုံးသူများမှာ ၂ နှစ် အရွယ်မှ ၆၅ နှစ် အရွယ်ထိ ရှိပြီး အမျိုးသမီး ၂ ဦး ပါဝင်သည်ဟု ဆိုသည်။

မေ ၁၄ မွန်းတည့် ၁၂ နာရီတွင် မုန်တိုင်း ပြင်းထန်လာပြီး မွန်းလွဲ ၃ နာရီတွင် ပင်လယ်ဒီရေ မြင့်တက်လာသည်၊ ကျေးရွာထဲမှ မထွက်ခွာနိုင်တော့ဘဲ ကျေးရွာအလယ်တွင် ရှိသည့် နှစ်ထပ်အိမ်တစ်လုံးတွင် မုန်တိုင်းဒဏ်မှ ပုန်းခိုနေကြချိန် နေအိမ်ပြိုကျပြီး အများအပြား သေဆုံးရခြင်းဖြစ်သည်။

အသက် ၄၀ အရွယ် ညောင်ပင်ကြီးရွာသား ကိုသန်းမြင့်က ဇနီးသည်နှင့် ၆ နှစ်အရွယ် ကလေးကို ကျေးရွာအလယ်တွင် ရှိသည့် အဆိုပါ နှစ်ထပ်အိမ်သို့ ပို့ထားခဲ့ကြောင်း၊ ၄ နှစ်အရွယ် သားငယ်ကို အနီးရှိ ကျေးရွာသို့ ပို့ဆောင်ပြီး ပြန်လာချိန်တွင် ထိုနေအိမ် ပြိုကျနေသည်ကို တွေ့ရှိရကြောင်း ပြောသည်။

“ကျွန်တော့ မိန်းမနဲ့ ကလေး ပါသွားတယ်။ ကျွန်တော်က ကလေးတစ်ယောက်ကို အမြန်ပြေးပြီး သွားပို့တာ။ ကျွန်တော် မမြင်လိုက်ရပါဘူး။ ကလေးအငယ်ကို လုံခြုံတဲ့နေရာမှာ ထားပြီး ကျွန်တော် ပြန်လာတဲ့အချိန်မှာ ဘယ်သူမှ မရှိတော့ဘူး” ဟု ကိုသန်းမြင့်က ပြောသည်။

ကိုသန်းမြင့်တို့၏ ရွာမှာ ရသေ့တောင်မြိုနယ်၊ မေယုမြစ်ကမ်း မဇဲကမ်း ခြေရာတော်ဘုရားအနီး တည်ရှိပြီး အိမ်ခြေ ၄၁၂ လုံး၊ လူဦးရေ ၂၀၉၇ ဦး ရှိသည်၊ မုန်တိုင်းဒဏ်ကြောင့် နေအိမ် ၄၀၀ ကျော် ပျက်စီးသွားပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခာ ပြတ်လပ်နေသည်ဟု ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

မုန်တိုင်းဝင်သည့် မေ ၁၄ ရက်နေ့က နံနက်ပိုင်းတွင်ပင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကို ၎င်းတို့ကျေးရွာ အနီးအနားရှိ ရခိုင်ရွာများသို့ ပြောင်းရွှေ့နိုင်သဖြင့် ဒေသခံ ရာနှင့်ချီပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်ဟု ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနေသည့် အသက် ၂၂ နှစ်အရွယ် ကိုအောင်နိုင်စိုးက ပြောသည်။

“အဲဒီရွာတွေက ရခိုင်ညီအစ်ကိုတွေက ကူညီကယ်ဆယ်ပေးလို့ ကျွန်တော်တို့ အသက်ရှင်ခဲ့ရတာပါ။ အဲဒီမှာ ပိုပြီးတော့ လုပ်ခဲ့တာက ရက္ခိုင့်တပ်တော်က ရဲဘော်တွေ၊ ဗိုလ်ကြီးတွေ ပါခဲ့တယ်။ သူတို့ ကြီးကြပ်ပေးလို့ ကျွန်တော်တို့ အများကြီး လွတ်မြောက်ခဲ့တယ်” ဟု သူက ဆိုသည်။

“ကျွန်တော်တို့မှာ ရေသောက်စရာ မရှိတော့ဘူး။ သောက်ရေကန်တွေ အကုန်လုံးက ဆားငန်ရေ ဝင်သွားတယ်။ ရွာမှာ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ။ ရေနဲ့ ဆေးဝါးတွေ၊ အစားအသောက်တွေ လိုနေတာပါ”

ကျေးရွာဒေသခံ ၇၀ ရာခိုင်နှုန်းခန့်ကို အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ပြီး ရွာထဲတွင် ကျန်ခဲ့သူများမှာ ကျေးရွာ ဘာသာရေးအဆောက်အအုံတွင် ပြောင်းရွှေ့ ပုန်းခိုနေခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ဒေသတွင်းသတင်းများကို ဖော်ပြနေသော နရိဉ္ဇရာသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် သေဆုံးသူတို့မှာ အသက် ၁ နှစ်ခွဲမှ ၁၅ နှစ်အထိ ကလေး ၁၃ ဦး၊ အသက် ၁၈ နှစ် တစ်ဦး၊ အသက် ၃၀ မှ ၆၅ နှစ်အထိ ၅ ဦး ဖြစ်ကာ ကျား ၈ ဦး၊ မ ၁၁ ဦး ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဒေသရှိ ညောင်ပင်ကြီးရွာအပါအဝင် အနည်းဆုံး ကျေးရွာ ၉ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်သည် သောက်သုံးရေပြတ်လပ်နေကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ အာရက္ခအရေးပေါ်ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီအတွက် ရသေ့တောင်မြို့နယ်၌ ကူညီကယ်ဆယ်ရေးလုပ်နေသော အမျိုးသားတစ်ဦးကလည်း ပြောထားသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့ရပြီး ကူညီကယ်ဆယ်ရေးများ အချိန်မီ မဝင်ရောက်နိုင်ပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက မကြာခဏ ထုတ်ဖော်ပြောဆိုထားသည်။

မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ကူညီ၊ ကယ်ဆယ်ခွင့်များ ကန့်သတ်ထားခြင်းမှာ အခြေခံလူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်ထားခြင်းမှာ စစ်တပ်က မပြီးပြတ်သေးသည့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ဆက်လက်ကျူးလွန်နေခြင်းသာဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အကြံပေး ဦးအောင်ကျော်မိုးက Myanmar Now ကို ပြောသည်။

အစိုးရအဆက်ဆက်က ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ နေရပ်ဒေသတွင်းမှလွဲ၍ မည်သည့်အရပ်ကိုမျှ ခရီးသွားခွင့်မပြုပေ။ ရခိုင်ပြည်နယ်ပြင်ပတွင် တွေ့ရှိလျှင် ဖမ်းဆီးခံနေရသည်။ ထို့ပြင် နေရပ်စွန့်ခွာရသူ အများအပြားမှာ ပညာသင်ကြားခွင့်မရှိဘဲ ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံထားရသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီ ဖြစ်သည်။

မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် နေထိုင်သူ ရာနှင့်ချီ သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများလည်း ရှိသည်ဟု မြေပြင် သေဆုံး၊ ပျောက်ဆုံး စာရင်းများကို မှတ်တမ်းတင်နေသည့် ကျောင်းသားလူငယ်များနှင့် အလင်းရောင်လူငယ်ပရဟိတအသင်းက မေ ၁၇ တွင် ထုတ်ပြန်ထားသည်။

စစ်တွေမြို့အနီးရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ သေဆုံး၊ ပျောက်ဆုံးစာရင်းကိုသာ ကောက်ယူ ထုတ်ပြန်နိုင်ပြီး ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ရှိ ရိုဟင်ဂျာကျေးရွာများမှ သေဆုံး၊ ပျောက်ဆုံး စာရင်းများကို ကောက်ယူနိုင်ခြင်း မရှိသေးပေ။

ကူညီရေးအဖွဲ့များက မုန်တိုင်းသင့်ဒေသတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခွင့်ရရန် စစ်ကောင်စီထံမှ ခွင့်ပြုချက် စောင့်ဆိုင်းနေသည်မှာ ရက်အတန်ကြာပြီ ဖြစ်သည်။ myanmar now

နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာတွင် တပ်ဆွဲထားသော စစ်တပ်ကို ပစ်ခတ် တိုက် ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force က တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

“စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမယ့် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု Natogyi People Defence Force မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံ ခရိုင် အမှတ် ၁ – တပ်ရင်းနှင့် မဟာမိတ် တပ်ဖွဲ့များဖြစ်သော မြင်းခြံခရိုင်အမှတ်- ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် – ၃ တပ်ရင်း တို့ပူးပေါင်း လုပ်ဆောင် ခဲ့ကြောင်း သိရသည်။ khit thit

စစ်အုပ်စုက ၃ ရက်တွင် ၁ ရက်နှုန်း လေ ကြောင်းတိုက်ခိုက်၊ ကန့်ဘလူ၌ အရပ်သားသေဆုံးမှု အများဆုံးဖြစ်

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ၃ ရက်မှာ ၁ ရက်နှုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်နေပြီး အဆို ပါတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ သေဆုံးမှုနှုန်းမှာတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က အများဆုံးဖြစ်တယ်လို့ သု တေသနအဖွဲ့တခုက ထုတ်ပြန်ပါတယ်။

အမှီအခိုကင်းပြီး ဘယ်အဖွဲ့အစည်းအောက်မှာမှ ရပ်တည်ခြင်းမရှိတဲ့ အစိုးရမဟုတ်တဲ့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး စစ်အုပ်စုဟာ လေကြောင်းအသုံးပြုမှု စုစုပေါင်း ၁,၄၂၇ ကြိမ်ထိရှိခဲ့ကာ ကရင်၊ စစ်ကိုင်းနဲ့ ကရင်နီဒေသတွေကို အများဆုံးတိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်တဲ့ အရေအတွက်ဟာ တရှိန်ထိုး မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အခု ၂၀၂၃ ခုနှစ် ပထမ ၄ လအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၅၀ ကျော် ကျူးလွန်ခဲ့ကြပြီးဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ၁၅၃ ကြိမ်၊ ၂၀၂၂ ခုနှစ်မှာတော့ အကြိမ်ရေ ၈၂၀ နဲ့ အများဆုံး ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အရေအတွက်ကို ကြည့်ရင်တော့ ၂ နှစ်ကျော်အတွင်း ကရင်ပြည်နယ်ကို ၃၂၂ ကြိမ်နဲ့ အများဆုံး ကျူးလွန်ခဲ့ကြပြီးတော့ စစ်ကိုင်းတိုင်းကို ၂၉၅ ကြိမ်၊ ကရင်နီပြည်နယ်ကို ၁၈၄ ကြိမ်၊ ကချင်ပြည် နယ်ကို ၁၅၆ ကြိမ်၊ ရှမ်းပြည်နယ်ကို ၁၅၃ ကြိမ်နဲ့ ချင်းပြည်နယ်ကို ၁၄၃ ကြိမ်အထိ အစဉ်လိုက် အများဆုံး တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ သေဆုံးမှုအရေအတွက်မှာတော့ ကန့်ဘလူမြို့နယ်က ၁၈၈ ယောက်နဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ ဖားကန့်မြို့နယ်က ၆၆ ယောက်၊ ယင်းမာပင်မြို့နယ်က ၃၉ ယောက်စီ အသီးသီးနဲ့ အများဆုံး ဖြစ်နေခဲ့တာပါ။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်း ရန်သူ့အင်အား ၃၀,၀၀၀ လောက် ထိခိုက် သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သ တင်း ထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

မြန်မာ အကြမ်းဖက်စစ်ကောင်စီကို G7 နိုင်ငံများက အရေးယူရေး အီတလီတွင် ဆန္ဒပြ တောင်းဆို၊ မြန်မာ့အရေး အတွက် အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနထံ အိတ်ဖွင့်ပေးစာ ပေးပို့

khit thit

ပုပ္ပားတောင်အနီး တရုတ်ဂက်စ်ပိုက်လိုင်း လုံ ခြုံရေးစခန်း တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် မြောက်ဘက် ရွှေစီတိုင်ကျေးရွာအနီး တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူပေးထားသည့် စစ်သားအင်အား ၁၀ ဦးကျော်ရှိသည့် စခန်းကို ယမန်နေ့ မေ ၂၁ မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီကို တိုက်ခိုက်လိုသည့်အပြင် စစ်ကောင်စီကို အားပေးထောက်ခံမှု မပြုကြရန် သတိပေးလိုသဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြင်းခြံခရိုင် တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“တရုတ်က မြန်မာနိုင်ငံရဲ့အရေးတွေမှာ ဝင်ရောက်စွက်ဖက်တာကို ညီမတို့က မကြိုက်လို့ပေါ့နော်။ ညီမတို့က တစ်ခါတည်းနဲ့ နှစ်ခုလုပ်လိုက်တာပေါ့။ ဒီဂက်စ်ပိုက်လိုင်းကို သတိပေးချင်တာရယ်၊ နောက် စကစကို တိုက်ခိုက်ချင်တာရယ်ကြောင့်ပေါ့” ဟု ၎င်းက ဆိုသည်။

မြင်းခြံအခြေစိုက် တော်လှန်ရေးပြောက်ကျားအဖွဲ့နှစ်ခုနှင့် ပေါင်း၍ အင်အား ၁၆ ဦးဖြင့် နာရီဝက်ကြာ စီးနင်းတိုက်ခိုက်ရာ လက်နက်ကြီးပစ်အားနည်းပါးခြင်းကြောင့် ဘန်ကာနှစ်ခုအထိသာ သိမ်းနိုင်ခဲ့သဖြင့် စခန်းသိမ်းမည့်အစီအစဉ်ကို စွန့်လွှတ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“RPG တစ်ခုပဲ ပစ်ရတယ်။ ၄၀ မမတွေက ပစ်မရခဲ့ဘူး။ အဆန်တွေက မထွက်တာပေါ့။ ဘန်ကာတွေ အကုန်လုံးကို လက်နက်ကြီးနဲ့ ဖျက်ဆီးမပစ်နိုင်တဲ့အတွက် မသိမ်းနိုင်ခဲ့ဘူး။ လက်နက်ငယ်နဲ့ဆိုတော့ အချိန်ကြာသွားတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ညောင်ဦးနှင့် ကျောက်ပန်းတောင်းကြား ဗျတ္တပန်းဆက်လမ်းပေါ်တွင် ရှိသည့် ထိုလုံခြုံရေးစခန်းသို့ လာရောက်ရန် လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းသဖြင့် စစ်ကောင်စီတပ်၏ စစ်ကူ အလျင်အမြန်ရောက်လာနိုင်ကြောင်း၊ တိုက်ပွဲဖြစ်သည့် နာရီဝက်အတွင်း တပ်ကူလာသည်ဟု သတင်းကြား၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ကျောက်ပန်းတောင်းဆေးရုံတွင် ဆေးကုပေးနေသည်ဟု သိရကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိကြောင်း ထိုအမျိုးသမီးက ဆိုသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားရာ နိုင်ငံအလယ်ပိုင်းသည် စစ်ကောင်စီကို ပြောက်ကျားနည်းဖြင့် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းသောဒေသဖြစ်သည်။

တရုတ်သည် စစ်ကောင်စီကို အားပေးထောက်ခံမှုအရှိဆုံးနိုင်ငံဖြစ်သဖြင့် အာဏာသိမ်းမှု ဆန့်ကျင်သူများက ကျေနပ်မှု မရှိပေ။ ဤအတော အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ထိုပိုက်လိုင်းစီမံကိန်းကို ကာကွယ်ရေးအဖွဲ့များက ရံဖန်ရံခါ ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ယခုလဆန်း မေ ၇ ညပိုင်းကလည်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်တွင် အဆိုပါတရုတ်ဂက်စ်ပိုက်လိုင်း ထိန်းချုပ်ရေးစက်ရုံတစ်ခုတွင် ရှိသော လက်နက်ကိုင်များကို Natogyi Guerrilla Force(NGF) တော်လှန်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိုအဖွဲ့တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။

ပေကျင်းအခြေစိုက် တရုတ်နိုင်ငံပိုင် CNPC က အဓိကရင်းနှီးမြှုပ်နှံထားသည့် ထိုပိုက်လိုင်းစီမံကိန်းတွင် ရေနံပိုက်လိုင်းနှင့် ဓာတ်ငွေ့ပိုက်လိုင်း အတူယှဉ်တွဲတည်ဆောက်ထားသည်။

အဆိုပါရေနံပိုက်လိုင်းသည် မြန်မာနိုင်ငံအနောက်ဘက်ကမ်းခြေ မဒေးကျွန်းမှ စတင်၍ ရခိုင်ပြည်နယ်၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်ကာ တရုတ်နိုင်ငံ ယူနယ်ပြည်နယ်မှတစ်ဆင့် ရေနံတင်ပို့နေခြင်းဖြစ်ကြောင်း CNPC ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ရေနံစိမ်းပိုက်လိုင်းကို CNPC နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ ပူးပေါင်းကာ အရှေ့တောင်အာရှရေနံစိမ်းပိုက်လိုင်းကုမ္ပဏီအမည်ဖြင့် လည်ပတ်လုပ်ကိုင်နေသည်။

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် တရုတ်နိုင်ငံပိုင် CNPC, MOGE, တောင်ကိုးရီးယားမှ Posco Daewoo, တောင်ကိုးရီးယား Gas Corporation, India’s Oil Companies Overseas နှင့် India Gas Corporation တို့ ပူးပေါင်းရင်းနှီးမြှုပ်နှံထားသည်။ myanmar now

နွားထိုးကြီးမြို့နယ် လျှော်ဖြူကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို ပစ် ခတ်တိုက်ခိုက်

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် လျှော်ဖြူကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စစ်ကြောင်းကို မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် PDF များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defense Force က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ခွေးတွေ ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမယ့် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု Natogyi People Defense Force မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင်အမှတ်၁-တပ်ရင်းနှင့်အတူမဟာမိတ်တပ်ဖွဲ့များဖြစ်သော မြင်းခြံခရိုင်အမှတ်-၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်-၃တပ်ရင်း တို့ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ khit thit

« Older Entries