စစ်ကိုင်းနှင့်ဗန်းမောက်တွင် တိုက်ပွဲများဖြစ်၊ စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ

စစ်ကိုင်းမြို့ကနေ မေ ၂၁ ရက် မနက် ၅ နာရီမှာ ပဒူရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ လောက်ပါ စစ်တပ်နဲ့ ဒေသခံကာကွယ် ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက “တိုက်ပွဲဖြစ်တာက ပဒူရွာရဲ့တောင်ဘက် ရွှေတိဂုံဘုရားနား မှာဖြစ်ကြတာ။ ၁၁ နာရီကနေ ၁ နာရီအထိ ဖြစ်တာ။ ဒီကောင်တွေကို လက်လုပ် လက်နက်ကြီးတွေ နဲ့လည်း ပစ်တယ်။ ကောင်းကင်ကနေလည်း ဒရုန်းနဲ့ ဗုံသီးချတိုက်ခိုက်တာတွေလည်း လုပ်တယ်။ လက်နက်ငယ်တွေနဲ့လည်း သူပစ်၊ ကိုယ်ပစ်လည်း လုပ်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ဘက်က အကျအဆုံး များနိုင်တယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၃ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
အခုစစ်ကြောင်းဟာ မေ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းမြို့အတွင်းကနေ ကျောက်ပနံရွာ၊ ရွာသစ်ရွာ၊ ကန်ကြီးကုန်းရွာဘက်ကို စစ် ကြောင်းထိုးခဲ့ပြီး မေ ၂၁ ရက်မှာတော့ အိမ်ခြေ ၁၃၀၀ ကျော်ရှိတဲ့ ပဒူရွာကို စစ်ကြောင်းထိုးခဲ့တာလို ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း စစ်တပ်နဲ့ ဒေသတွင်းကာကွယ်ရေး PDF မဟာမိတ်ပူးပေါင်းတပ်တို့ မေ ၂၀ ရက် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်က တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲခဲ့တယ်လို့ Banmouk Revolution-BR အဖွဲ့က ထုတ်ပြန်ပါတယ်။
BR အဖွဲ့တာဝန်ရှိသူက “ဗန်းမောက်မြို့နယ် ကြောင်လည်၊ မံထွန်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲသွားတယ်။ နှစ်ဖက် ထိခိုက်ကျဆုံးတဲ့ အခြေအနေကို မသိရသေးဘူး” လို့ ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ ဆက်သွယ်ရေး ခက်ခဲနေကြောင်း၊ တိုက်ပွဲကြောင့် ကြောင်လည်ရွာ၊ ကံကြီးကုန်းရွာ၊ မံလူရွာ၊ မံစီကြီးရွာနဲ့ မံထွန်းရွာတွေက ပြည်သူ ၁ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတဦးက “စစ်တပ်နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ မေ ၂၀ ရက်က ကြောင်လည်ရွာနားမှာ တိုက်ပွဲ ဖြစ်တယ်။ ဒေသခံတွေလည်း မနေရဲတော့ဘူး။ တိုက်ပွဲနဲ့ဝေးရာ ပြေးကြရတာပဲ။ ကြောင်လည်ရွာ အပါအဝင် အနီးက ကျေးရွာ ၄ ရွာ လောက်က ပြည်သူ ၁ သောင်းကျော်လောက် ထွက်ပြေး နေရတယ်”လို့ ဆိုပါတယ်။
နှစ်ဘက် တိုက်ပွဲဖြစ်ပွားအပြီး နေ့လယ်ပိုင်းမှာ ကြောင်လည်ရွာနားကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ DVB