ဆားတောင်မြို့မရဲစခန်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံး ဟုဆို

စစ်ကိုင်းတိုင်း၊ဆားတောင်မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မေလ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန်ကဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
“ဘန်ကာတွေကို RPG တွေနဲ့ထုပြီး ဖျက်ဆီးနိုင်ခဲ့တယ်။ ဘန်ကာတွေထဲမှာကို အလောင်းတွေ တွေ့ခဲ့ရ တယ်။နှစ်ဖက်ထိတွေ့မှု နှစ်နာရီခန့် ဖြစ်ပွားခဲ့ပြီးတော့ စစ်သားနဲ့ရဲစုစုပေါင်း ၁၂ ဦး သေဆုံးခဲ့တယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
ယင်းသေဆုံးမှုများ နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲဖြစ်ပွားနေစဉ် စခန်းအနီးသို့ စစ်ကောင်စီတပ်မှတိုက်လေယာဉ်များ ၁၀ ကြိမ်ခန့် ပျံဝဲလာခြင်း ကြောင့် ဒေသကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း (Zeroပြောက်ကျားတပ်ဖွဲ့) ၊ ကျောက်ဆည်ခရိုင် အမှတ်(၁)တပ်ရင်း(နဂါးနီတပ်ဖွဲ့) ၊ မြင်းခြံ ခရိုင်အမှတ်(၄) တပ်ရင်း နှင့်ဆားတောင်မိုးကြိုး မဟာမိတ် တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဆားတောင်မြို့မရဲစခန်းမှ သေဆုံးသူများကိုမီးသင်္ဂြိုဟ်ပြီး ထိခိုက်ဒဏ်ရာ ရရှိ သူများကို ဆေးရုံသို့ပို့ဆောင်နေကြောင်းသိရသည်။ mizzima