ပုပ္ပားတောင်အနီး တရုတ်ဂက်စ်ပိုက်လိုင်း လုံ ခြုံရေးစခန်း တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် မြောက်ဘက် ရွှေစီတိုင်ကျေးရွာအနီး တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူပေးထားသည့် စစ်သားအင်အား ၁၀ ဦးကျော်ရှိသည့် စခန်းကို ယမန်နေ့ မေ ၂၁ မနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီကို တိုက်ခိုက်လိုသည့်အပြင် စစ်ကောင်စီကို အားပေးထောက်ခံမှု မပြုကြရန် သတိပေးလိုသဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြင်းခြံခရိုင် တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“တရုတ်က မြန်မာနိုင်ငံရဲ့အရေးတွေမှာ ဝင်ရောက်စွက်ဖက်တာကို ညီမတို့က မကြိုက်လို့ပေါ့နော်။ ညီမတို့က တစ်ခါတည်းနဲ့ နှစ်ခုလုပ်လိုက်တာပေါ့။ ဒီဂက်စ်ပိုက်လိုင်းကို သတိပေးချင်တာရယ်၊ နောက် စကစကို တိုက်ခိုက်ချင်တာရယ်ကြောင့်ပေါ့” ဟု ၎င်းက ဆိုသည်။

မြင်းခြံအခြေစိုက် တော်လှန်ရေးပြောက်ကျားအဖွဲ့နှစ်ခုနှင့် ပေါင်း၍ အင်အား ၁၆ ဦးဖြင့် နာရီဝက်ကြာ စီးနင်းတိုက်ခိုက်ရာ လက်နက်ကြီးပစ်အားနည်းပါးခြင်းကြောင့် ဘန်ကာနှစ်ခုအထိသာ သိမ်းနိုင်ခဲ့သဖြင့် စခန်းသိမ်းမည့်အစီအစဉ်ကို စွန့်လွှတ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“RPG တစ်ခုပဲ ပစ်ရတယ်။ ၄၀ မမတွေက ပစ်မရခဲ့ဘူး။ အဆန်တွေက မထွက်တာပေါ့။ ဘန်ကာတွေ အကုန်လုံးကို လက်နက်ကြီးနဲ့ ဖျက်ဆီးမပစ်နိုင်တဲ့အတွက် မသိမ်းနိုင်ခဲ့ဘူး။ လက်နက်ငယ်နဲ့ဆိုတော့ အချိန်ကြာသွားတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ညောင်ဦးနှင့် ကျောက်ပန်းတောင်းကြား ဗျတ္တပန်းဆက်လမ်းပေါ်တွင် ရှိသည့် ထိုလုံခြုံရေးစခန်းသို့ လာရောက်ရန် လမ်းပန်းဆက်သွယ်ရေး အလွန်ကောင်းသဖြင့် စစ်ကောင်စီတပ်၏ စစ်ကူ အလျင်အမြန်ရောက်လာနိုင်ကြောင်း၊ တိုက်ပွဲဖြစ်သည့် နာရီဝက်အတွင်း တပ်ကူလာသည်ဟု သတင်းကြား၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ကျောက်ပန်းတောင်းဆေးရုံတွင် ဆေးကုပေးနေသည်ဟု သိရကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိကြောင်း ထိုအမျိုးသမီးက ဆိုသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားရာ နိုင်ငံအလယ်ပိုင်းသည် စစ်ကောင်စီကို ပြောက်ကျားနည်းဖြင့် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းသောဒေသဖြစ်သည်။

တရုတ်သည် စစ်ကောင်စီကို အားပေးထောက်ခံမှုအရှိဆုံးနိုင်ငံဖြစ်သဖြင့် အာဏာသိမ်းမှု ဆန့်ကျင်သူများက ကျေနပ်မှု မရှိပေ။ ဤအတော အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ထိုပိုက်လိုင်းစီမံကိန်းကို ကာကွယ်ရေးအဖွဲ့များက ရံဖန်ရံခါ ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ယခုလဆန်း မေ ၇ ညပိုင်းကလည်း မြင်းခြံခရိုင်၊ နွားထိုးကြီးနယ်တွင် အဆိုပါတရုတ်ဂက်စ်ပိုက်လိုင်း ထိန်းချုပ်ရေးစက်ရုံတစ်ခုတွင် ရှိသော လက်နက်ကိုင်များကို Natogyi Guerrilla Force(NGF) တော်လှန်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိုအဖွဲ့တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောဆိုထားသည်။

ပေကျင်းအခြေစိုက် တရုတ်နိုင်ငံပိုင် CNPC က အဓိကရင်းနှီးမြှုပ်နှံထားသည့် ထိုပိုက်လိုင်းစီမံကိန်းတွင် ရေနံပိုက်လိုင်းနှင့် ဓာတ်ငွေ့ပိုက်လိုင်း အတူယှဉ်တွဲတည်ဆောက်ထားသည်။

အဆိုပါရေနံပိုက်လိုင်းသည် မြန်မာနိုင်ငံအနောက်ဘက်ကမ်းခြေ မဒေးကျွန်းမှ စတင်၍ ရခိုင်ပြည်နယ်၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်ကာ တရုတ်နိုင်ငံ ယူနယ်ပြည်နယ်မှတစ်ဆင့် ရေနံတင်ပို့နေခြင်းဖြစ်ကြောင်း CNPC ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ရေနံစိမ်းပိုက်လိုင်းကို CNPC နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ ပူးပေါင်းကာ အရှေ့တောင်အာရှရေနံစိမ်းပိုက်လိုင်းကုမ္ပဏီအမည်ဖြင့် လည်ပတ်လုပ်ကိုင်နေသည်။

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် တရုတ်နိုင်ငံပိုင် CNPC, MOGE, တောင်ကိုးရီးယားမှ Posco Daewoo, တောင်ကိုးရီးယား Gas Corporation, India’s Oil Companies Overseas နှင့် India Gas Corporation တို့ ပူးပေါင်းရင်းနှီးမြှုပ်နှံထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s