မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းမည်ဟု ထိုင်း ဝန်ကြီးချုပ်လောင်း ပြော

မြန်မာ့အရေးအတွက် အရေးပါသည့် အင်အားစုအားလုံးနှင့် ဆက်သွယ်မည့်မူကျင့်သုံးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်ပြီဟု ပြောဆိုထားသူ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မေလ ၂၁ ရက်တွင် ကြေညာ သည်။
“လူသားဘ၀လုံခြုံရေးစဉ်းစားချက်အပေါ် အာရုံစိုက်ပြီး အရေးပါတဲ့အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းမယ့်မူဝါဒဖြစ်ပါတယ်။ ဒီလူသားဘ၀ လုံခြုံရေး အခြေခံတဲ့မူဝါဒမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းရော၊ စီးပွားရေး ဘ၀လုံခြုံတိုးတက်ရေး အပိုင်းတွေပါ ပါဝင်ပါတယ်” ဟု Pita Limjaroenrat က သူ၏ လူမှုကွန်ယက် Twitter တွင် မြန်မာနိုင်ငံအပေါ်ထားရှိမည့် မူဝါဒနှင့် ပတ်သက်၍ ပြောဆိုသည်။
Pita Limjaroenrat က သူ၏ မူဝါဒကို အကောင်အထည်ဖော်ရာတွင် ထိုင်း−မြန်မာ ၂ နိုင်ငံ “ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို ဆောင်ကြဉ်းရရှိစေရေးဆိုတဲ့အမြင်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
မေလ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကိုလည်း လက်ရှိကြားကာလ ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကို Pita Limjaroenrat က တောင်းဆိုထားသည်။
“သေရေး ရှင်ရေးတမျှ အကူအညီတွေလိုအပ်နေတဲ့ မုန်တိုင်းဘေးဒုက္ခသည်တွေကို ဦးစားပေးအနေနဲ့ ပထမဆုံး အထောက်အပံ့တွေပေးရမှာပါ။ ဒါဟာ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ကျနော်ရဲ့ နိုင်ငံခြားရေးမူဝါဒအသစ်နဲ့ကိုက်ညီတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်” Twitter တွင် ရေးသားထားသည်။
Pita Limjaroenrat သည် မေလ ၁၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီများ ပေးနိုင်ရန် ကူညီမည်ဟုပြောဆိုထားသည်။
အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးရန်တို့ ပါဝင်သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း အ ကောင်အထည်ဖော်မည်ဟု Pita Limjaroenrat က ပြောဆိုထားသည်။ myanmar now