ရေဘေးသင့်ဆင်ဖြူကျွန်းဒေသကို စစ်ကောင် စီက ထိထိရောက်ရောက် ကူညီမှုမရှိသေး

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ ရေဘေးသင့်ခဲ့ပြီး ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းဘက်က တောင်ကျရေတွေကြောင့် မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ဆင်ဖြူကျွန်းဒေသမှာ စလင်းချောင်း ရေကြီးကာ အနီးတဝိုက်က ကျေးရွာတွေ အကုန်နီးပါး ရေမြုပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရေဘေးသင့်ရွာတွေမှာ ရေပြန်ကျသွားပေမဲ့ နုန်းတွေကျန်နေပြီး ပြန်လည်ထူထောင်ရေးမှာ ရေဘေးသင့်ပြည်သူတွေအတွက် အခြေခံ မီးဖိုချောင်သုံး ပစ္စည်းတွေ လိုအပ်နေတယ်လို့ သွားရောက်လှူဒါန်းသူတွေက ပြောပါတယ်။

စလင်းမြို့နယ်မှ သွားရောက်လှူဒါန်းခဲ့သူတဦးက “ရွာတွေကတော့ တော်တော်ဆိုးတယ်ဗျာ။ ပြီးတော့ ပိုက်ဆံမရှိတဲ့သူလည်း များတယ်။ ဆိုးတယ်ဆိုတာ အိမ်တွေဘာတွေ အကုန်မြုပ်သွားတာ။ ရေမျောပြီး သေတဲ့လူ ၄ ယောက်ရှိတယ်။ အခု လှူတဲ့သူတွေကတော့ နီးစပ်ရာကော တ ချို့မြို့က လာသူတွေရော ရှိတယ်။ ပြန်လည်ထူထောင်ရေးအတွက် အဓိက လိုအပ်ချက်ကတော့ အခြေခံ အိုးခွက်ပန်းကန်၊ မီးဖိုတို့၊ ချက်ပြုတ်စားဖို့က အကုန်လုံးက ပျက်စီးသွားတာလေ။ ကျနော်တို့ ဖိနပ်လှူတယ်၊ ဇလုံတို့၊ ဇွန်းတို့ လှူတယ်။ ဖြစ်ဖြစ်ချင်းနေ့ကတော့ ထမင်းထုပ်လှူတယ်။ အခုက ထမင်းထုပ်တော့ မလိုတော့ဘူး။ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်ပန်းကန်တို့၊ မီးဖိုတို့၊ ဒန်အိုးဒန်ခွက်တို့ အဲဒါတွေ အဓိကလိုတယ်။ နွယ်တမယ် တလျှောက်လုံး ဆိုးတာပါပဲ။ နွယ်တမယ်က ဒဏ်အခံရဆုံးပေါ့။ ချောင်းထိပ်ဆိုတော့ အဲ့ဘက်ရွာတွေဆို အိမ်တွေ တော် တော်မြုပ်တယ်။ နွယ်တမယ်က လမ်းပေါ်မှာပေါ့။ နွယ်တမယ်ရဲ့ တောင်ဘက်ချောင်းတလျှောက် ၈၊ ၉ ရွာလောက်ရှိတယ်။ အကုန်လုံးမြုပ်တာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေကြီးမှုကြောင့် ဆင်ဖြူကျွန်းဒေသမှာ လူပေါင်း ၂၆,၀၀၀ ကျော် သဘာဝဘေးဒုက္ခ ခံစားနေရပေမဲ့ စစ်ကောင်စီဘက်က တာဝန်ရှိသူတွေ ထိထိရောက်ရောက် ကူညီပေးတာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးမှုဒဏ် စကြုံရစဉ် ပရဟိတအသင်းတွေနဲ့ လှူဒါန်းမယ့်သူတွေ လမ်းပန်းဆက်သွယ်ရေး သွားရခက်ခဲခဲ့ပြီး လက်ရှိအချိန်မှာတော့ သွား လာရ မခက်ခဲတော့မဲ့ ရေကြီးမှုဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ ရွာတွေမှာ ပဲစိုက်တောင်သူတွေဟာ နာလန်မထူနိုင်အောင် ခက်ခဲနေတယ်လို့ ဆင်ဖြူကျွန်း ဒေသခံတဦးက ပြောပါတယ်။

“တောင်သူတွေအတွက် လောလောဆယ် ဘာမှ ထိထိရောက်ရောက် ကူညီထောက်ပံ့မှု မတွေ့ရဘူး။ တောင်သူလယ်သမားတွေအတွက် ဘာမှ ထူးခြားတဲ့ပံ့ပိုးမှု မတွေ့ရဘူး။ တောင်သူတွေမှာတော့ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်။ ရေဘေးဆို ရေဘေးအလျောက်ပဲ သွားကြတာ တောင်သူတွေဘက် မလှည့်နိုင်ဘူး။ တော်တော်များများ ခံစားနေရတာတော့ တော်တော်ကို ဆိုးဆိုးဝါးဝါးပဲ။ တောင်သူဘက်မှာဆို မြေဆွေးတွေ ဘာတွေ အခင်းလိုက်ပါသွားတော့ တော်တော်ကို နာလန်မထူနိုင်ဘူး။

“ဒေသခံတွေ မျှော်မှန်းထားတာတော့ ပြန်လည်ထူထောင်ရေးမှာ အတိုင်းအတာတော့ ကြာဦးမယ်။ တချို့ အိမ်လုံးကျွတ်ပါတဲ့ အိမ်ထဲမှာ နွံတွေက ဒူးဆစ်လောက် ရှိနေသေးတယ်။ နွံတွေရှင်းပြီးရင် ပြန်လည်ထူထောင်ရေးလုပ်ရင်း အနည်းဆုံး နှစ်ပတ်လောက် လုပ်ရဦးမယ်။” 

နွယ်တမယ်ချောင်းလို့ လူသိများတဲ့ စလင်းချောင်းမှာ အခုလို ရေကြီးတာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးဖြစ်ပြီး ရေကြီးတာကြောင့် စလင်းချောင်းအနီးက ရွာတွေမှာ ပဲတီစိမ်းနဲ့ နှမ်းစိုက်ခင်းတွေ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

စလင်းချောင်း ရေကြီးမှုကြောင့် ဆင်ဖြူကျွန်းမြို့နယ်အတွင်းက ရပ်ကွက် ၃ ခု၊ ကျေးရွာ ၅၀ ကျော်၊ အိမ်ထောင်စု ၆,၁၈၃ စု၊ အိမ်ခြေပေါင်း ၅,၉၉၃ အိမ်နဲ့ လူဦးရေ စုစုပေါင်း ၂၆,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး နေအိမ် ၈၇ လုံး ရေမျောပါ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s