သထုံအမြောက်တပ်ရင်းနှင့် ပုလော ကျောက္ကာရွာတွင် ပျူစောထီးတပ်သားများ တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာနားက အမှတ် ၄၀၂ အမြောက်တပ်ရင်းဂိတ်ကို မေ ၂၁ ရက် ညနေ ၆ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံ PDF တွေက ပြောပါတယ်။
၄၀ မမ AK ခွင်းဗုံး အပါအဝင် လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ၅ မိနစ်ကြာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ဂိတ်မှာ အထိ အခိုက် အကျအဆုံးတွေ ရှိနိုင်ပေမဲ့ အတိအကျ မသိနိုင်ဘူးလို့ သထုံ PDF တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း သထုံ PDF တွေ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်စခန်းတွေကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ရေးအရှိန် ဆက်လက်မြှင့်တင်သွားမှာမို့ ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်အနားမှာ မရှိစေဖို့ ထပ်မံသတိပေးထားပါတယ်။
လတ်တလော မွန်ပြည်နယ်ထဲက ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာလည်း အမှတ် ၂ ရပ်ကွက်မှာ ပျူးစောထီးအဖွဲ့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့ ညဘက်တွင် ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။
“PDFအဖွဲ့တွေက ရွာထဲကို ဝင်လာပြီး ကင်းလှည့်နေတဲ့ ပျူစောထီးအဖွဲ့ကို ဝင်ပစ်တယ်။ နှစ်ဖက်ပစ်ခတ်မှုက ၂နာရီနီးပါးလောက်ကြာတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဗုံးခွဲခဲ့တယ်”လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါတိုက်ခိုက်ရာမှုမှာ မြိတ်ခရိုင်တပ်ရင်း ၁မှ အထူးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး AKအမျိုးအစားသေနတ် ၂လက်နဲ့ ဆက်စပ်ပစ္စည်းတွေပါ သိမ်းဆည်းရမိတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာပြီးတဲ့အချိန်မှာ စစ်ကောင်စီဘက်က စစ်ကူများရောက်လာပြီး ဒေသခံများကိုခြိမ်းခြောက်တဲ့အပြင် ဒေသခံ ၇ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“စကစတပ်သားတွေက ရွာထဲမှာ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်စစ်တယ်။ ရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ ပြောပြီးခြိမ်းခြောက်တယ်။ ဒေသခံ ၃၀ကျော်ကို နေပူလှမ်း ရိုက်နက်ပြီးစစ်ဆေးတယ်။ ဖမ်းခေါ်သွားတဲ့ရွာသားတွေလည်းရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံအမျိုးသား ၆ဦးနဲ့ အမျိုးသမီး ၁ဦးတို့ကို ပုလောမြို့နယ် ၂၈၅တပ်ရင်းထဲမှာ ထိန်း သိမ်းထားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ DVB