KNU တပ်မဟာ(၁)နယ်မြေရှိ စစ်ကောင်စီစခန်းများအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်း၊ အထိုင်စခန်းများအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းများမှ ဒရုန်း၊ လက်နက်ကြီးများ၊ RPG များဖြင့်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF

တာဝန်ခံနှင့် ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“ပွဲက နေ့တိုင်း ကနေတာပဲ။ တနေရာမဟုတ် တနေရာပဲ။ ဘီးလင်းမှ မဟုတ်ပါဘူး၊ တပ်မဟာ (၁) တခွင် ပေါ့။ ဒါပေမယ့် ဘီးလင်းမှာ ဒီရက်ထဲပိုများတာပါ။ ပြီးတော့ ဘီးလင်းကို အခုက စစ်ကြောင်းတွေထိုးနေ တာလည်းရှိတယ်” ဟု ဒေသတွင်းလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာရှိ မဲပလီစစ်ကောင်စီစခန်း အား ဒရုန်းဖြင့် ဗုံးသီးငါးလုံးပစ်ချတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အပျက်အစီးအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ဘီးလင်းမြို့နယ် တိုးဂိတ်အဟောင်း၊ ဘီးလင်းတံတားထိပ်ရှိ စစ်ကောင်စီ လုံခြုံရေးဂိတ်နှင့် ဇီးတောကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်းတို့အား ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သထုံ ခရိုင် PDF တာဝန်ခံထံက သိရသည်။

မေလ ၁၈ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာအခြေစိုက် မဲလံ BGF စခန်းနှင့် ရင်းအုံကျေးရွာ အနီးရှိ ရင်းအုံ BGF စခန်းတို့အား ဒရုန်း၊ RPG များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံက ဆိုသည်။

ထို့ပြင် မေလ ၁၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲ ထားသည့် စစ်ကောင်စီတပ်သားများအား လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

စစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ ခြင်းရှိကြောင်း၊ မေလ ၁၇ ရက်နေ့ ပစ်ခတ်မှုအတွင်း ဘီးလင်းအခြေစိုက် အမြောက်တပ် အမတ(၃၁၄)မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ဒေါက်ရပ်တောင်ခြေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် (၆၅) နှစ်အရွယ်ရှိ ဒေါ်ခင်မနှင့် အသက်(၁၁) နှစ်အရွယ် နော်ဝိုင်းလေးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေရှိပါတယ်။ ၁၇ ရက်နေ့က ဘီးလင်းအမြောက်တပ်(၃၁၄) ကနေ လက်နက်ကြီးနဲ့ရမ်းသန်းပစ်လို့ ဒေါက်ရပ်တောင်ခြေရွာသားနှစ်ဦး

ထိခိုက်ဒဏ်ရာရခဲ့တယ်” ဟု သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကိုပြောသည်။

ဘီးလင်းမြို့နယ်အတွင်းပြုလုပ်နေသော စစ်ဆင်ရေးများအား တပ်မဟာ (၁) KNLA ၊ PDF ၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု (TPDF)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ၊ ပအိုဝ်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ပါဝင်သော ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မဟာ (၁) KNLA၊ တပင်ရွှေထီးစစ်ကြောင်း၊ တောကျီးကန်းစစ်ကြောင်း၊ ဘီးလင်း ပ.က.ဖ တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့တို့မှ ပြုလုပ်နေကြကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s