PDF များ သေဆုံးသည့် လေကြောင်းဗုံးကြဲမှုအပြီး ရေးမြို့တွင် တိုက်ပွဲဆက်ဖြစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များ အခြေစိုက်လှုပ်ရှားသည့် ကျေးရွာများအနီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ တိုက်ပွဲ နှစ်ရက်ဆက် ဖြစ်ပွားခဲ့သည်။

မေလ ပထမပတ်အတွင်း ရေးမြို့နယ်မြောက်ပိုင်း ဝါပသဲကျေးရွာအနီး စစ်ကောင်စီလေတပ်က နှစ်ရက်ဆက် ဗုံးကြဲ၊ ပစ်ခတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊ ဒေသခံ အမျိုးသမီး ၂ ဦး ဒဏ်ရာရကာ နေအိမ် ၂ လုံး မီးလောင်ခဲ့သည်။

ထို့နောက် အဆိုပါနေရာအနီးတစ်ဝိုက်ကို စစ်ကောင်စီ လက်နက်ကိုင်အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မေလ ၁၉ နှင့် ၂၀ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နယ်မြေတာဝန်ခံတစ်ဦးက ပြောသည်။

“တိုက်ပွဲက နှစ်ကြိမ်လောက် ဖြစ်သွားတာပေါ့။ လောလောဆယ် အခြေအနေအရတော့ ဒေသခံတွေလည်း အဆင်မပြေသေးဘူး။ ဝါပသဲနဲ့ ဘဲလမုတစ်ဝိုက်မှာလည်း စစ်တပ်ရဲ့ စစ်ကြောင်းက လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲက အချိန်မရွေး ဆက်ပြီးဖြစ်နိုင်တယ်” ဟု ဝင်းရေးမြို့နယ်ဟု KNU က သတ်မှတ်ထားသည့်ဒေသမှ တာဝန်ရှိသူက ဆိုသည်။

“(လေတပ်က) ဗုံးကြဲပြီးနောက်ပိုင်း စစ်ကြောင်းထိုးလာတော့ အခု စစ်ရှောင်တွေရဲ့ အရေအတွက်က ၅၀၀ ကျော်၊ ၆၀၀ နီးပါး ရှိလာပြီ”

လက်ရှိတွင် ဝါပသဲ အပါအဝင် အနီးရှိ ဘဲလမု၊ ထပတော်၊ ချောင်းနှစ်ခွ စသည့် အနည်းဆုံး ကျေးရွာ ၄ ရွာခန့်မှ ဒေသခံ ၅၀၀ ကျော် တောတောင်များအတွင်း ထွက်ပြေးနေရသည်။

တိုက်ပွဲအခြေအနေ၊ ဒေသခံတို့ နေရပ်စွန့်ခွာ ထွက်ပြေးနေရမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိသလို Myanmar Now အနေဖြင့်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ရေးမြို့မြောက်ဘက် ၂၂ မိုင်ခန့်အကွာရှိ ဝါပသဲကျေးရွာကို လေတပ်က မေ ၇ က ဗုံးကြဲစဉ် ထိုဒေသတွင် လှုပ်ရှားသော PDF ကျားဖြူစစ် ကြောင်း တပ်ခွဲ (၁) မှ ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ) မမြင့်တို့ သေဆုံးခဲ့သည်။

ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကြောင်းထိုးခံနေရသည့်နေရာသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကြားတွင် တည်ရှိသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ကို ပေါင်း၍ KNU က ဝင်းရေးမြို့နယ်ဟု သတ်မှတ်ကာ တပ်မဟာ (၆) ဒူးပလာယာခရိုင်နယ်မြေအတွင်း ထည့်သွင်းထားသည်။

KNU ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ PDF တပ်ရင်းတချို့ ထိုဒေ သ၌ ပူးပေါင်းလှုပ်ရှားနေသည်။

မေလ ၉ ရက်ကလည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တောင်ဘက် ၂၅ မိုင်ခန့်အကွာရှိ ကညင်ရွာနှင့် အနန်းကွင်းရွာအကြား ရိက္ခာလာပို့သည့် စစ်ကောင်စီယာဉ်တန်းကို KNU က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကားတချို့ မီးလောင်ပျက်စီးခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် KNU တပ်များအကြား တိုက်ပွဲများ ပြန်ဖြစ်နေခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက် အောက်ခံ PDF တပ်များက ပူးပေါင်းတိုက်ပွဲဝင်နေသည်။

ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း စစ်တပ်နှင့် တိုက်ပွဲ ၁၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၇၂၆ ဦး သေဆုံးကာ ၁၁၈၈ ဦး ဒဏ်ရာရကြောင်း၊ KNU နှင့် ပူးပေါင်းအဖွဲ့များဘက်မှ ၅၉ ဦး သေဆုံးပြီး ၁၉၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က မေ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးကတည်းက ဖြစ်ပွားနေသော အဆိုပါတိုက်ပွဲများကြောင့် KNU ထိန်းချုပ်နယ်မြေများအတွင်းမှ ပြည်သူ ၄ သိန်းကျော်အထိ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာ စသည့် အရေးပေါ်အကူအညီများ လိုအပ်နေသည်။

တိုက်ပွဲဝင်စစ်သည်အင်အား မလုံလောက်သည့် စစ်ကောင်စီတပ်က မြန်မာပြည်တောင်ပိုင်း စစ်ရေးလှုပ်ရှားရာတွင် ၎င်းတို့ဖွဲ့စည်းထားသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အင်အားကို အားကိုးနေရသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s