Monthly Archives: May 2023

ရေဦးမြို့တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး၊ ထားဝယ်တွင် ရဲကင်းစခန်းနှင့် ကင်းပုန်းတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးခန့် ထိခိုက် သေဆုံးခဲ့​ကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရသည်။

မေလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့နယ် အနောက်ပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်ကို ကံပေါက်ရွာအနီးတွင် တစ်ကြိမ်၊ ‌လက်လံမူးဘောင်အနီးတွင် တစ်ကြိမ် PDF ပူးပေါင်းအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စခတွေ အထိနာပြီး ပြန်ဆုတ်တဲ့အချိန် မိုင်းမိတဲ့နေရာမှာ သွေးစ‌တွေ၊ ဂွမ်းစတွေ၊ ဆေးထိုးအပ်တွေ တွေ့ရပါတယ်။ သေဆုံးဒဏ်ရာရတွေကို အထမ်း၅ထမ်းနဲ့ ပြန်သယ်သွားတာ တွေ့ရတယ်”ဟု PDF ရဲဘော်တစ်ဦးက ပြောဆိုသည်။

မိုင်းဆွဲ တိုက်ခိုက် ပြီးနောက် ရေဦး-သံသည် လမ်းတစ်လျှောက် ပြန်လည်ဆုတ်ခွာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရေဦးမြို့မှ စစ်ကားအကြီး ၃ စီး၊ ကားအသေး ၂ စီးတို့ဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ပကာရီ ရဲကင်းစခန်းနှင့် ကင်းပုန်းချထားသော အ ကြမ်း ဖက်စစ်သားများကို လက် နက်ကြီးများဖြင့် ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ် စုပေါင်းစစ်ကြောင်း (Dawei Collective Column) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မေလ ၂၀ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က ပကာရီကျေးရွာနေ ပြည်သူများကို ခြိမ်းခြောက်ဖမ်းဆီးပြီး တိုက်ပွဲများအတွင်း ပစ်ကူပေးနေသော အကြမ်းဖက်စစ်သားများ တပ်စွဲထားသည့် ပကာရီ ရဲကင်းစခန်း ကို ထားဝယ်စုပေါင်းစစ်ကြောင်းမှ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၄၀ မမ ဗုံးသီး ၁၀ လုံးဖြင့် ပထမအကြိမ် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“နာတဲ့ ၂ ကောင်ပဲ သိရတယ်ဗျ၊ ဒါကိုလည်း ထပ်ပြီးအတည်ပြုဖို့အတွက် လိုက်စုံစမ်းနေတယ်၊ တဆင့် ကြားရတာမို့၊ ကျနော်တို့ စစ်ကြောင်း ပြန်ဆုတ်ခါနီးမှာ စစ်ခွေးတွေဘက်က ၆၀ မမ၊ ၄၀ မမတွေနဲ့ ပြန် ထုတာရှိတယ်၊ ပကာရီကို သွားပစ်တဲ့အချိန်မှာ ပြန်ပစ်ထုတ်ခံရတာ၊ ရဲဘော်တွေအားလုံးဘေးကင်းကင်း နဲ့ ပြန်ဆုတ်ခဲ့ပါတယ်ဗျ” ဟု ထားဝယ်စုပေါင်းစစ်ကြောင်း (Dawei Collective Column) မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အလားတူ ယမန်နေ့ မေလ ၂၂ ရက် နံနက် ၁၀ နာရီခန့်တွင် ပကာရီကျေးရွာရဲကင်းနှင့် ပခပ်ကျေးရွာ အနောက်ဘက်လမ်းရှိ တောလမ်းပိုင်း၌ စစ်ကြောင်း ထွက်ရန် ကင်းချထားသည့် အကြမ်းဖက်စစ်သား များကို ၆၀ မမ သီးများဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ khit thit

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဗန်းမောက်တွင် တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်ဒေသတွင်တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီးဒေသခံ ၅,၀၀၀ ဝန်းကျင် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်း‌ရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံမှ သိရသည်။

ဗန်းမောက်ဒေသတွင် မေလ ၁၈ ရက်နေ့မှစပြီး KIA ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကစစ်ကောင်စီတပ်မနှစ်ခုပူးပေါင်းထားသည့် နယ်မြေရှင်းလင်းရေးစစ်ကြောင်းကိုကြားဖြတ်ပိတ်ဆို့တိုက် ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကချင်ပြည်နယ်နှင့်နယ်မြေချင်းထိစပ်နေသည့် ဗန်းမောက်မြို့နယ်အပါအဝင် အင်းတော်၊ ကောလင်း၊ ကသာမြို့ နယ်တို့မှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်သည့် နွေဦးတော် လှန်ရေး၌ စစ်မျက်နှာအပြင်းထန်ဆုံးဖြစ်ခဲ့သလို တိုက်ပွဲအကြိမ်ရေအများဆုံးဖြစ်ပွားရာ ဒေသများလည်း ဖြစ်သည်။

KIA တပ်မဟာ(၈)မှ အဓိကတာဝန်ယူလှုပ်ရှားနေသည့် အဆိုပါဒေသတွင် တော်လှန်ရေးအင်အားစုအား ကောင်းလာသလို ယနေ့အချိန်ထိ စစ်ကောင်စီစစ်ကြောင်းကိုတန်ပြန်တိုက်ခိုက်နေဆဲဖြစ်သည်။

စစ်ကောင်စီတပ်ကလည်း တပ်မနှစ်ခုပူးပေါင်းထားသည့်စစ်ကြောင်းများဖြင့် စစ်ရေးလှုပ်ရှားနေသလို ရေ ကြောင်းနှင့် လေတပ်တို့မှလည်း တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲရှည်ကြာနေခြင်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများလာသည့်အတွက်မေလ ၂၀ ရက်နေ့မှစတင်ကာ သုံးရက် ဆက်တိုက် နေ့စဥ် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု တော်လှန်ရေးအင်အားစုဖြစ်သည့် Banmauk Revolution BR မှ သတင်းရင်းမြစ်ကပြောသည်။ “နယ်မြေလုတဲ့တိုက်ပွဲလို့ ပြောလို့ရပါတယ်။ တိုက်ပွဲဖြစ်နေတာ ၁၈ရက်နေ့တည်းက ဖြစ်လိုက်နားလိုက် ပဲ။ သူတို့ (စစ်ကောင်စီတပ်)ဝေဟင် သုံးတာက၂၀ ရက်နေ့က စကြဲတာ မ​နေ့ကအထိကြဲတယ်။ ဒီနေ့တော့ သူတို့မလာသေးဘူး ငြိမ်နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ယခုတိုက်ပွဲများတွင် တော်လှန်ရေးအင်အားစုမှတပ်ဖွဲ့ဝင်တဦးနှင့်KIA တပ်ဖွဲ့ဝင်တဦးကျဆုံးခဲ့ကာ တပ်ဖွဲ့ ဝင်အချို့ထိခိုက်မှု(မစိုးရိမ်ရ)ရှိခဲ့ကြောင်း သတင်းရင်းမြစ်က မဇ္ဓျိမအားပြောကြားသည်။

တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်များမှာ ဝေဟင်မှပစ်ခတ်မှုများအတွင်း ထိခိုက်ကျဆုံးခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဆိုသည်။

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား ရက်ရှည်တိုက်ပွဲပြင်းထန်နေသည့် အတွက် ဒေသခံ ၅,၀၀၀ ဝန်းကျင်မှာ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းBanmauk Revolution(BR) မှ သိရသည်။

ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းကျေးရွာများဖြစ်သည့် မံစီကြီး၊ မံလွန်၊ ကံကြီးကုန်း၊ ကြောင်လည်၊ နားပင်၊ မံထွန်ကျေးရွာများမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ တစ်လကျော်ကြာမြင့်လာပြီ ဖြစ်ကြောင်း Banmauk Revolution(BR)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။“မြို့ပေါ်ကလူတချို့တော့မန္တလေးလိုမြို့ဘက်ကိုရှောင်ကြတာများတယ်။ တောဘက်ကို ရှောင်လာကြတဲ့ ရွာပေါင်း တော်တော်များတယ်။NUG ရဲ့ ထောက်ပံ့မှုတွေရတာကြောင့် အရမ်းခက်ခဲတာမျိုးတော့ မရှိ သေးပါဘူး”ဟု ဆိုသည်။

တိုက်ပွဲမှာ ရက်ဆက် ပြင်းထန်လေ့ရှိသည့်အတွက် ဗန်းမောက်မြို့နယ်မှကုန်သွယ်ရေးလမ်းကြောင်းများ မှာ နှစ်ပတ်ကျော်ကြာသည့်အထိ ပြန် လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဗန်းမောက်မြို့နယ်၏ ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် ဗန်းမောက်-အင်းတော်လမ်းပိုင်း၊ ဗန်း မောက်မြောက်ပိုင်း-မော်လူးလမ်းပိုင်းအားလုံးကိုKIA ဦးဆောင်သည့်တော်လှန်ရေးအင်အားစုမှ မေလ ဆန်းကတည်းကပိတ်ထားကြောင်း သိရသည်။

ကုန်သွယ်ရေးလမ်းပိုင်းများ ပိတ်ထားရသည့်အကြောင်းအရင်းကိုမူ တော်လှန်ရေးအင်အားစုဘက်မှ တိတိ ကျကျထုတ်ပြန်ပြောဆိုထားခြင်း မရှိပေ။

ဗန်းမောက်မြို့နယ်သည် စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာထားသည့် မြို့နယ်တစ်ခုဖြစ်သည်။ mizzima

မန္တလေးတိုင်းတွင် တရုတ်ဓာတ်ငွေ့ပိုက်လိုင်း အစောင့်တပ်သားများတိုက်ခိုက်ခံရမှု ၃ ကြိမ်ဖြစ်ခဲ့

မန္တလေးတိုင်းတွင် တစ်လအတွင်း တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအစောင့်တပ်သားများ တိုက်ခိုက်ခံရမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှ သတင်းရရှိသည်။

မေလ ၂၂ ရက်နေ့က မြင်းခြံခရိုင်၊ တောင်သာမြို့တွင်တစ်ကြိမ်၊မေလ ၂၁ ရက်နေ့တွင် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပါးတောင်အနီးနှင့် မေလ ၇ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၌ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ဖြစ်သည်။

ယမန်နေ့ မေလ ၂၂ ရက်နေ့ည ၈ နာရီခန့်တွင် တောင်သာမြို့နယ်ရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအနီး ဒေသအခြေစိုက်မြို့ပြပြောက်ကျားများက ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

“ နှစ်ဘက်အပြန်အလှန်ပစ်ကြတာ မိနစ် ၂၀ လောက်ကြာတယ်။ အဲဒီတရုတ်ဂတ်စ်ပိုက်လိုင်းက ကျွန်တော်တို့မြို့တောင်ဘက် မင်းကန်ရွာနားမှာရှိတာ။ အောင်သာရဲစခန်းနဲ့လည်းနီးတယ်။ အဲဒီက အစောင့်စစ်သားတွေကို PDF က ဝင်ဆော်တာ ” ဟု မြို့ခံတစ်ဦးကပြောသည်။

သို့သော် အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ဝင်ရောက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။

အလားတူ မေလ ၂၁ ရက်နေ့ကလည်း ကျောက်ပန်းတောင်းမြို့နယ် ပုပါးတောင်အနီးရှိ တရုတ်ဓာတ် ငွေ့ပိုက်လိုင်းအစောင့် စစ်အုပ်စုကို မြင်းခြံခရိုင်တပ်ရင်း (၂) ပါဝင်သော တော်လှန်ရေး ပြောက်ကျားအဖွဲ့များမှ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်အုပ်စုဘက်မှ ငါးယောက်သေပြီး စခန်းသိမ်းပိုက်နိုင်မည့် အခွင့်အရေးရှိသော်လည်း လက်နက်အင်အားမကောင်းသဖြင့် လက်လွှတ်ခဲ့ရကြောင်း မြင်းခြံခရိုင်တပ်ရင်း (၂)က ယနေ့သတင်း ထုတ်ပြန်ထားသည်။

အလားတူ နွားထိုးကြီးမြို့နယ်တွင်လည်း၊ မေလ ၇ ရက်နေ့ညကတရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံမှ အစောင့်စစ်သားများကို ဒေသအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Natogyi Guerrilla Force (NGF) က တိုက်ခိုက်ခဲ့သည်။

အထက်ပါတိုက်ခိုက်မှုများသည် တရုတ်အစိုးရမှ မြန်မာ့နိုင်ငံရေးကို ဝင်စွက်ဖက်နေမှုအား သတိပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူကပြော သည်။

တရုတ်နိုင်ငံပိုင် CNPC (China National Petroleum Corporation) ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်သော တရုတ်ဓာတ်ငွေ့ပိုက်လိုင်းသည် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းဖြင့် တွဲလျက်တည်ဆောက် ထားခြင်းဖြစ်သည်။

အဆိုပါပိုက်လိုင်းသည် မြန်မာနိုင်ငံအနောက်ဘက်ကမ်းခြေ မဒေးကျွန်းမှစတင်၍ ရခိုင်၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကိုဖြတ်သန်းကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ဆက်သွယ်ထားသည်။

စီမံကိန်းတွင် တရုတ်နိုင်ငံမှ CNPC၊ မြန်မာနိုင်ငံမှ MOGE (Myanmar Oil an Gas Enterprise) ၊ တောင်ကိုရီးယားနိုင်ငံမှ Posco

Daewoo, KOGAs (Korea Gas Corporation) နှင့် အိန္ဒိယနိုင်ငံမှ India’s Oil Companies Overseas, India Gas Corporation တို့ ပူးပေါင်းရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။ mizzima

မုန်းမြို့နယ်တွင် စစ်ဘေးရှောင် ၂၁,၈၈၀ ဦးအထိ ရှိလာဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၁,၈၈၀ ဦးအထိ ရှိလာသည်ဟု KNU ဗဟို၏ မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး၍ အရပ်သားပစ်မှတ်များအား တိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၈ ရွာမှ ဒေသခံများ ထွက်ပြေးနေရသည် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက် နေ့လယ်ပိုင်းတွင် မုန်းမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲချခဲ့ရာ နောင်ကုန်းရွာအတွင်းရှိ စာသင်ကျောင်း တစ်ကျောင်း၊ ဒေသခံနေအိမ် တစ်လုံး ဗုံးထိမှန် ပျက်စီးခဲ့ပြီး ဒေသခံနေအိမ် တစ်လုံး ဗုံးထိ၍ မီးလောင်ပြာကျခဲ့ရကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

မေလ ၁၆ ရက်နေ့ကလည်း မုန်းမြို့နယ်၊ တမာခေါကျေးရွာနှင့် အနောက်တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်က တမာခေါကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးနှင့် အနောက်တောင်စုကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်းနှစ်ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ယမန်နေ့ မေလ ၂၂ ရက် နံနက်ပိုင်းမှစ၍ မုန်းမြို့အခြေစိုက် ခမရ(၅၉၉) နှင့် ဖြူးမြို့နယ်အခြေစိုက် ခလရ(၁၀၆)တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုန်းမြို့နယ်၊ တုံးတောရွာ၊ စဝေရွာ၊ ကျွန်းတောကျေးရွာများအတွင်း အင်အားဖြည့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ယင်းကျေးရွာများရှိ ဒေသခံများ ထပ်မံစစ်ဘေးရှောင်နေရကြောင်း သိရသည်။

“စစ်ကြောင်းထပ်ထိုးလာတာ၊ ဖြူးဘက်ကတပ်ရယ်၊ နယ်ခံ (၅၉၉) ရယ်ကနေ တုံးတောနဲ့ စဝေ၊ ကျွန်းတောဘက်ကို စစ်ကြောင်းထိုးလာတာ။ စစ်ကြောင်းထိုးပြီဆိုတာနဲ့ ဘာလုပ်မယ်မှန်းမသိတော့ ရွာသားတွေ ရှောင်ပြေးနေကြပါပြီ” ဟု KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် မုန်းမြို့နယ်အတွင်းရှိ ညောင်ပင်သာကျေးရွာ၊ နောင်ချိုကျေးရွာ၊ ဒိုက်ပုံကျေးရွာ၊ မီးတိုင်တောကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကျောင်းစုကျေးရွာ၊ မြောင်းဦးကျေးရွာ၊ ရေအိုးစင်ကျေးရွာ၊ ကော့ပြင်းကျေးရွာ၊ ကျောက်ကန်ကျေးရွာ၊ နောင်ကုန်းကျေးရွာ၊ တောင်စုကျေးရွာ၊ စဝေရွာ၊ ကျွန်းတောကျေးရွာ၊ ညောင်ပင်ဆိပ်ကျေးရွာ၊ မြောင်းရိုးကြီးကျေးရွာ၊ ရွာဟောင်းကျေးရွာနှင့် တပ်ကုန်းကျေးရွာ အစရှိသည့် ကျေးရွာ ၁၈ ရွာမှ ဒေသခံ ၂၁,၈၈၀ ဦး ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ဘေးရှောင်စခန်းများတွင် မိုးဦးကာလဖြစ်၍ ဖျားနာခြင်း၊ ဝမ်းလျောခြင်းအစရှိသည့် ရောဂါများ အဖြစ်များနေကာ အမိုးအကာ မလုံ လောက်မှု၊ စားနပ်ရိက္ခာမလုံလောက်မှု စသည့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

“အမျိုးသမီးတွေ ကလေးတွေကတော့ အများဆုံးပေါ့။ အသက်ကြီးတဲ့သူတွေရော ကိုယ်ဝန်ဆောင်တွေလည်းပါတယ်။ နေရာက အခုက အနှံ့ပဲ။ ဒီလိုပဲ အုပ်စုလိုက်လေးတွေ ရှောင်နေကြရတာ။ အခက်အခဲကတော့ အခြေခံလိုအပ်ချက်တွေ အကုန်လိုအပ်နေတာပါပဲ။ ကျွန်တော်တို့ကတော့ လူ ၂၀၀ လောက်ကိုပဲ ထောက်ပံ့နိုင်ပါသေးတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရပ်သားပစ်မှတ်များအား ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရပြီး ကျန်ရှိနေသည့် နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခြင်းကိုပါ ပြုလုပ်နေကြောင်း သိရသည်။ mizzima

မြင်းခြံထောင်တွင် နိုင်ကျဉ်းများကို သီးသန့်ခေါ်ထုတ်မှု ဆက်လက်ပြုလုပ်နေ

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မြင်းခြံအကျဉ်းထောင်တွင် စစ်ကောင်စီတပ်နှင့်ရဲက နိုင်ငံရေးအကျဉ်းသားအချို့ကို သီးသန့်ခေါ်ထုတ်မှု ဆက်လက်ပြုလုပ်နေပြီး ထောင်တွင်းလုံခြုံရေးကိုလည်း တင်းကျပ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) ဦးဆောင်သူ ကိုသိုက်ထွန်းဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲက မေလ ၂၁ ရက်နေ့နှင့် မေလ ၂၂ ရက်နေ့တို့တွင် ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုဥက္ကာ၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုအောင်မျိုးသန့်နှင့် ကိုကျော်ဇင်ဦးတို့ကို အချိန်ခွဲ၍ သီးသန့်ခေါ်ထုတ်သွားပြီး ယမန်နေ့ ညနေပိုင်းတွင် ကိုစိုးရာဇာထွန်းလွင်နှင့် ကိုဇော်လှိုင်းတို့ကို ထပ်မံခေါ်ထုတ်သွားကြောင်း သိရသည်။

“ဘယ်ဆီကို ပို့ထားမှန်းတော့ အခုအချိန်ထိ အတည်ပြုချက်မရသေးဘူး။ စစ်ကြောရေးဆိုတဲ့ခေါင်းစဉ်ပဲ ရှိတယ်​ပေါ့​နော်။ စစ်ကြောရေးမှာ ခေါ်ယူမေးမြန်းစစ်ဆေးနေကြတယ်ပေါ့နော်။ အဓိကအကြောင်းပြချက်ကတော့ PDF တွေနဲ့ အဆက်အသွယ်မလုပ်ဖို့နဲ့ ထောင်ရဲ့လုံခြုံရေးကို အဲ့ဒီလိုမျိုးပေါ့၊ အကြောင်းပြမှာပေါ့ ။ ”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

သီးသန့်ခေါ်ထုတ်ခံရသူများထဲမှ ကိုကျော်ဇင်ဦးမှာ ယမန်နေ့က အကျဉ်းထောင်သို့ ပြန်လည်ရောက်ရှိလာသော်လည်း ကျန်ရှိသည့်သူများမှာ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

ယခုအခြေအနေအရ အဆက်အသွယ်ပြတ်တောက်နေသည့် နိုင်ငံရေးအကျဉ်းသားများအတွက် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။

“ဒီလူတွေ(သီးသန့်ခေါ်ထုတ်ခံရသူ)သည် နဂိုတည်းက ကျန်းမာရေးကောင်းတယ်။ ရောဂါအခံ တစ်ခုမှ မရှိဘူး။ အားလုံးက အနာတရဒဏ်ရာ တစ်ခုမှ မရှိဘူးပေါ့နော်။ သက်ဆိုင်သူတွေအနေနဲ့ အဲ့တာကို ပြောကြားလိုတယ်”ဟု ဆိုသည်။

ထိုသို့ အကျဉ်းသားများကို သီးသန့်ခေါ်ထုတ်နေသည့်အပေါ် အကျဉ်း ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက ယမန်နေ့ နံနက်ပိုင်းကစ၍ လက်ရှိအချိန်အထိ အစာအငတ်ခံဆန္ဒပြမှု ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

လက်ရှိတွင် မြင်းခြံအကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်နှင့် ရဲက လုံခြုံရေးတာဝန်ယူပြီး တင်းကျပ်ထားသည့်အပြင် အကျဉ်းဦးစီးဌာန၀န်ထမ်းများ၏ ဖုန်းကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။ mizzima

၂ နှစ်ကျော်အတွင်း စစ်တပ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၅၇၀ ခန့်ထိ မြင့်တက်

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၅၇၀ နီးပါး နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၆၃၅ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၂၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၈,၃၁၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၀၃၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၄ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၃၁၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက် ညပိုင်းက ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်က Agape ဆေးရုံကို အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းကာ ဆရာဝန် စီစီလျာနဲ့ သူနာပြု ၄ ယောက်ဖြစ်ကြတဲ့ ဟန်နီ၊ ရှမ်းလွန်၊ နှီယာန်းဆုန်နဲ့ ဂျေမွှေယ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူတို့ ၅ ယောက်ကို ဟားခါးမြို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် PDF အဖွဲ့ဝင်တွေလို့ စွပ်စွဲခံရပြီး ဧပြီ ၁ ရက်က ကလေးမြို့အထွက် ပဲဝိုင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ က လေး မြို့နယ်၊ တင်သားကျေးရွာက ကိုနိုင်မင်းထက်၊ ကိုနေထက်လင်းနဲ့ ကိုမင်းထက်ပိုင်တို့ကို ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ မြို့နယ်တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

ပြည်သူများအပေါ်အနိုင်ကျင့်နေသည့် ရွှေဘိုမြို့က အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ အမှတ်(၈)ရပ်ကွက်တွင်စစ်ကောင်စီမှ ခန့်အပ်ထားပြီး ပြည်သူများအပေါ်အနိုင်ကျင့်နေသည့် အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မဟူရာ ရွှေဘိုသား တပ်ဖွဲ့ထံမှ သိရသည်။

အုပ်ချုပ်ရေးမှူး ဘိုမြင့် ကို တစ်ပတ်ခန့်အချိန်ယူ စောင့်ကြည့်ခဲ့ပြီးနောက် မေလ ၂၃ရက် ယနေ့ နံနက် ၈နာရီ ၁၅မိနစ်တွင် ဈေးဝယ်လာသည့်အချိန်၌ ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်းဆိုသည်။

“ကျနော်တို့ အချိန်ယူစောင့်ကြည့်ခဲ့ပြီးမှ ဒီနေ့မနက်ဈေးဝယ်လာတဲ့အချိန်မှာ ဈေးအနောက်ဘက်လမ်းအကွေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာပါ” ဟု မဟူရာ ရွှေဘိုသား တာဝန်ရှိသူတစ်ဦး ကပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးသည် မြို့ပြ UG များ၏ တည်နေရာကို သတင်းပေးခြင်း ၊ ဧည့်စာရင်းတိုင်သူများကို ငွေကြေးအဆမတန်တောင်းခံခြင်း ၊ ပြည်သူများအပေါ်တွင် အနိုင်ကျင့် မိုက်ရိုင်း စော်ကားသည့်လုပ်ရပ်များ ပြုလုပ်ခဲ့သည့်အတွက် ရှင်းလင်း ခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်းအား လုပ်ကြံရန်ပြင်ဆင်ချိန်တွင် ဘိုမြင့်မှ သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ရန် ကြိုးစားသဖြင့် အချိန်မီ လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့ရကြောင်းသိရသည်။

အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ပြီးနောက် ငါးမိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်သားများ နာရေးကားဖြင့်ရောက်လာကာ သေနတ်ဖြင့် ရမ်း သန်းပစ်ဖောက်ပြီး အလောင်းကို သယ်သူသွားကြောင်း မဟူရာ ရွှေဘိုသားအဖွဲ့တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

အဆိုပါလုပ်ကြံမှုကို မဟူရာရွှေဘိုသားအဖွဲ့နှင့်အတူ ဗိုလ်မိကျောင်း ၊ Snake Eyes ၊ ဒေါင်းစစ်သည် ၊ ဒေါင်းမာန် (Shwe Bo ) နှင့် တိုက်နယ် (၂) တပ်ပေါင်းစုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်း လုံခြုံသောနေရာသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

မေလ ၁၈ရက် မွန်းလွဲ ၁နာရီ ၄၀မိနစ်အချိန်ခန့်တွင်လည်း ရွှေဘိုမြို့ နန်းတော်ရာ အတွင်းတွင် သောက်စားမူးယစ်နေသည့် စစ်ကောင်စီတပ် သားများထဲသို့ မဟူရာရွှေဘိုသား နှင့် မဟာမိတ်များပူးပေါင်း၍ လက်ပစ်ဗုံး နှစ်လုံး ပစ်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ mizzima

ယင်းမာပင်မြို့နယ်ရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်းပိုင်းကို ရွာပေါင်းစုံ သပိတ် ကော်မတီက ပြန်လည် ပြုပြင်

khit thit

မတူပီမြို့ အခြေစိုက် ခလရ (၁၄၀) တပ်ရင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးမှုများရှိ

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်းတိုင်းကြောင့် လူနေအိမ်ပေါင်း ၁,၂၄၃ အိမ်ပျက်စီးသွားပြီး မတူပီမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၁၄၀) တပ်ရင်းနှင့် ဗျူဟာကုန်းလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူ့နေအိမ် ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သည့် သံချောင်း၊ မိုးကာ၊ သွပ် အစရှိသည့် ပစ္စည်းများ အထူးလိုအပ်နေပြီး မြို့ပေါ်တွင်လည်း အိမ်ဆောက်ပစ္စည်းများ ဝယ်ယူရန်မရှိ ဖြစ်နေသော်လည်း စစ်တပ်မှ ၎င်းတို့ပျက်စီးမှုများအား ပြင်ဆင်ရန်အတွက် ခရိုင်ရုံးမှ ဆောက်လုပ်ရေးပစ္စည်းများအား တပ်ထဲကို သယ်ယူနေကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

‘’အရပ်သားနေအိမ်တွေရဲ့ ဆုံးရှုံးမှုတွေ စာရင်းတွေကိုတော့ရတယ်၊ တပ်ထဲက ပျက်စီးဆုံးရှုံးမှု တွေကိုတော့ ဘယ်သူမှအတိအကျမသိကြဘူး၊ ဒါပေမယ့် ဖနိုင်နဲ့ ငလိုင်ကျေးရွာကြားထဲမှာရှိတဲ့ ခရိုင်ရုံးအဆောက်အအုံနေရာတွေကနေ စစ်ကားနှစ်စီးနဲ့ သစ်တွေအပြည့်တင်ပြီးတော့ တပ်ထဲကို သယ်သွားတာတော့ တွေ့လိုက်ကြတယ်’’ဟု ဒေသခံများက ပြောသည်။

အဆိုပါ ခရိုင်ရုံး အဆောက်အအုံ နေရာသည် စစ်တပ်မှ အာဏာမသိမ်းခင်အထိ ဌာနဆိုင်ရာ အဆောက်အအုံမှ ဆောက်လုပ်ရေးလုပ်ငန်း အ များအပြားလုပ်ကိုင်ကြခြင်းပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားရာ အဆိုပါနေရာကို စစ်တပ်မှ တပ်စွဲ နေရာယူထားခြင်း ဖြစ်သည်။

ချင်းပြည်နယ်အတွင်း ဖြတ်သန်းတိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” ကြောင့် အဆောက်အဦ ၃,၃၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကြား ကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ယနေ့ မေလ ၂၃ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ်၌ မုန်တိုင်းဒဏ်သင့် မြို့နယ် ကိုးခုရှိပြီး တွန်းဇံမြို့နယ်မှအပ ကျန်မြို့နယ် ရှစ်မြို့နယ်တွင် လူနေအိမ် ၂,၇၇၄ လုံး ၊ စာသင်ကျောင်း ၁၈၅ ကျောင်း ၊ ဘာသာရေးအဆောက်အဦး ၁၀၂ လုံး၊ ကျန်းမာရေး အဆောက်အဦ ၁၂ ခု ၊ စပါးကျီ ၂၅၉ လုံး၊ ခန်းမဆောင်နှင့် အခြားအ ဆောက်အဦ ခြောက်လုံး စုစုပေါင်း ၃,၃၃၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

« Older Entries