ကိုဖီအာနန်ဖောင်ဒေးရှင်းကရွေးသည့် ဒီမိုကရေစီမျိုးဆက်သစ်ဆုဆန်ကာတင်စာရင်းတွင် အက်စတာဇေနော ပါဝင်

ကိုဖီအာနန်ဖောင်ဒေးရှင်းကနေ ရွေးချယ်ချီးမြှင့်မယ့် ဒီမိုကရေစီမျိုးဆက်သစ်ဆု ဆန်ကာ တင် ၁၀ ယောက် စာရင်းထဲမှာ မြန်မာနိုင်ငံက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတ ယောက်ဖြစ်တဲ့ ကချင်တိုင်းရင်းသူ မအက်စတာဇေနော ပါဝင်နေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ မအက်စတာဇေနောက “ကိုဖီအာနမ် ဒီမိုကရေစီ မျိုး ဆက်သစ်ဆုလို့ ပြောရမလား…၊ အဲ့ဒါအတွက် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာရှိတဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေတဲ့ အသက် ၃၀ အောက် လူငယ်များထဲမှ စကာတင် (၁၀) ဦးကို ရွေး ချယ်ရာမှာ တဦးအနေနဲ့ ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျမကိုယုံကြည်ပြီး မရရအောင် ဆက်သွယ်၊ profile ကို သေချာရေးပေးပြီး တင်သွင်း​ပေးခဲ့ကြတဲ့ အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ကိုဖီအာနန်ဖောင်ဒေးရှင်းကတော့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးကို မြှင့်တင်ဖို့နဲ့ တရားမျှတပြီး ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ရရှိစေဖို့ လူပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတွေရဲ့ စွမ်းဆောင်ရည်တွေ အားကောင်းစေဖို့ ဆောင်ရွက်ပေးတဲ့ လွတ်လပ်ပြီး အကျိုးအမြတ်မယူတဲ့ အဖွဲ့အ စည်းတခု ဖြစ်ပါတယ်။

ဒီဖောင်ဒေးရှင်းကိုတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံမှာ တရား ဝင်ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ကချင်တိုင်းရင်းသား လူငယ်တယောက်ဖြစ်တဲ့ မအက်စတာဇေနောကတော့ တိုင်းမ်မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စု ဒုတိယဝန်းကြီး မအိသဉ္ဇာမောင်နဲ့အတူ ရွေးချယ်ခံခဲ့ရဖူးပါတယ်။

သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က မတရား အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ပထမဆုံး ဆန့်ကျင်ဆန္ဒပြတာကို ဦးဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

မအက်စတာ ဇေနောဟာ စစ်ရှောင်လူ ငယ်တွေအတွက် စာကြည့်တိုက်တွေ လိုက်လုပ်ပေးတဲ့ လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့ သူဖြစ်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှာလည်း ပါဝင်ပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အိုင်စီဂျေမှာ မြန်မာနိုင်ငံတရားစွဲခံရချိန် လူထောင်ပေါင်း များစွာ ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ စုရုံးပြီး ကန့်ကွက်ဆန္ဒပြကြတုန်းက မအိသဉ္ဇာမောင်နဲ့အတူ နှစ်ယောက် ဦးဆောင်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။

“ဆုရခဲ့ရင်ရော၊ မရရင်ရော လုပ်စရာရှိတာတွေကိုတော့ ဆက်လုပ်သွားရမှာပါပဲ။ ရရင်တော့ ဒီမိုကရေစီအရေးအတွက် နွေဦးတော်လှန်ရေးမှာ ကျရာကဏ္ဍကနေ ပါဝင်နေတဲ့ လူငယ်တွေအတွက် ပညာရေးငွေပဒေသာပင်စိုက်ထူဖို့ စဉ်းစားထားပါတယ်။ မရရင်လည်း လုပ်မှာပါ။” DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s