စစ်ကိုင်းမြို့အဝင်ရှိ ကံတလူတိုးဂိတ် ဒရုန်းဖြင့်ဗုံးကြဲခံရသဖြင့် ယာဉ်ထိန်းရဲ ၂ ဦးသေ

စစ်ကိုင်းမြို့အဝင်ရှိ ကံတလူတိုးဂိတ်ကို ဒေသကာကွယ်ရေးမြို့ပြပြောက်ကျားများက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက် အောက်ခံ ယာဉ်ထိန်းရဲနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအား ဒုက္ခပေးနေခြင်းကြောင့် မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ (UNICORN) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ ယာဉ်ထိန်း နှစ်ယောက်သေတယ်။ ဒဏ်ရာရတာ သုံးယောက်လောက်ရှိတယ်လို့ ဖရဲသီးသတင်းအရ သိရတယ်။ အဲဒီဂိတ်က ပြည်သူတွေကိုဒုက္ခပေးနေတဲ့ဂိတ်ပါ။ အဲဒီဂိတ်မှာ တော်လှန်ရေးရဲဘော်တွေ မကြာခဏအဖမ်းခံရတယ်။ စစ်လက်နက်ပစ္စည်းတွေလည်း ခဏခဏအဖမ်းခံရတယ်။ ဗုံးသီးငါးလုံး ကြဲချ ခဲ့တာပါ ” ဟု ၎င်းကဆိုသည်။

တိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်သားများရောက်လာပြီး ရမ်းသန်းခြောက်လှန့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၂၃ နံနက်ပိုင်းအထိ တိုးဂိတ်အနီးဝန်းကျင်တွင် ကင်းပုန်းဝပ်၊ လှည့်ကင်းများဖြင့် လုံခြုံရေး တင်းကျပ်ထား၍ ခရီးသွားပြည်သူများ အနှောင့်အယှက်ဖြစ်နေကြကြောင်း ဆိုသည်။

“ ရဲတွေဗုံးမှန်ပြီးသေတဲ့ကိစ္စနဲ့ ဂိတ်မှာ အစစ်အဆေးကြပ်ထားတယ်။ ရွာတွေထဲလည်း ဧည့်စာရင်းစစ်တာ တအားပဲ။ အညာစစ်ပွဲတွေက စစ်ကိုင်းမြို့ထဲအထိဝင်လာပြီ။ စစ်ကိုင်းမှာ သင်္ကြန်တွင်းကစပြီး စစ်ဒဏ် ခံနေရပြီ ” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို UNICORN ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix SGG ၊ Black Cat နှင့် Fight For Federal တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကံတလူတိုးဂိတ်သည် စစ်ကိုင်းမြို့ အရှေ့မြောက်ဘက်မှ အဝင်ဂိတ်တစ်ခုဖြစ်ပြီး မြို့နှင့် သုံးမိုင်ခန့်အကွာ စစ်ကိုင်းတပ်မ(၃၃) နှင့်လည်းမလှမ်းမကမ်းတွင် တည်ရှိသည်။

သင်္ကြန်မတိုင်ခင်ကာလမှစ၍ စစ်ရေးတင်းမာမှုမြင့်တက်လာသည့် စစ်ကိုင်းမြို့နယ်အတွင်း ပြောက်ကျား တပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်စခန်း၊ ရဲကင်းစခန်းများအား အလျဉ်းသင့်သလို ဝင်ရောက်တိုက်ခိုက် နေကြသည်။

စစ်ကောင်စီဘက်မှလည်း အရပ်သားများပါမချန် တိုက်လေယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းမြို့တွင် ယမန်နေ့မေလ ၂၂ ရက်နေ့နံနက်ပိုင်းမှစ၍ ဒေသကာကွယ်ရေး မြို့ပြပြောက်ကျားများက ပဒူတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ Mi 35 ရဟတ်ယာဉ်ဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်အတွင်း ရဲစခန်းအချုပ်ဆောင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ ကာ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s