မင်းတပ်မြို့က မုန်တိုင်းဘေးသင့်ပြည်သူများ အကူအညီလိုအပ်

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မုန်တိုင်းဘေးသင့်ပြည်သူတွေ အကူအညီ လိုအပ်နေပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မင်းတပ်မြို့ရှိ တိုက်နယ် ၅ ခုမှာ နေအိမ်အလုံးပေါင်း ၆၀၀ ခန့်၊ အစိုးရအဆောက်အဦ ၉၄ ခု၊ ဘာသာရေးအဆောက်အအုံ ၂၃ ခု ပျက်စီးခဲ့ပြီး လူဦးရေ ၁,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
မင်းတပ် ဆိုင်ကလုန်းဘေး ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ရှိသူက “အခု အိုးအိမ်ပျက်စီးသွားတဲ့သူတွေကို နီးစပ်ရာ အိမ်တွေ၊ ဆွေမျိုးအိမ်တွေမှာထားပြီး စားဝတ်နေရေးကိုတော့ ကျနော်တို့အဖွဲ့က တာဝန်ယူထားပါတယ်။ NGO၊ INGO တွေနဲ့ ချိတ်ဆက်မှုတွေ လူမှုကွန်ရက်မှာ အလှူခံတာတွေ လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။
မုန်တိုင်းကြောင့် ကားလမ်း၊ မြေသားလမ်းတွေ ပြိုကျပြီး ဆေးဝါး၊ ကုန်စည်သယ်ယူဖို့ ခက်ခဲနေပါတယ်။ စားနပ်ရိက္ခာအတွက် လက်ကျန် စ ပါးကျီပိုင်ရှင်တွေဆီက အလှူခံပြီး မျှဝေစားသောက်နေရပါတယ်။
“ပြန်လည်ထူထောင်ရေးအတွက် တရွာတယောက် ကိုယ်စားလှယ်တွေထားပြီး တတ်နိုင်တဲ့ သူတွေဆီက ပြန်လည်မျှဝေဖို့ အလှူခံနေပါတယ်။ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိအောင်လည်း ကြိုးစားနေပါတယ်” လို့ ပျက်စီးသွားတဲ့ တိုက်နယ် ၁၀ တာဝန်ခံက ပြောပါတယ်။
စားဝတ်နေရေးအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်တွေ လိုအပ်နေပြီး ပြန်လည်ထူထောင်ရေးအတွက် အမိုးအကာ၊ အိမ်ဆောက်ပစ္စည်းတွေ လိုအပ်နေပါတယ်။
တောင်ယာခင်းတွေနဲ့ စပါးကျီပေါင်း ၁၅၃ ခုလောက် ပျက်စီးခဲ့ပြီး လာမယ့် မိုးရာသီအတွင်းမှာ စားဝတ်နေရေး ပိုခက်ခဲလာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ DVB