မိုးဗြဲ-ပီကင်းလမ်းတွင် ကားတစီး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲ-ပီကင်းလမ်းမကြီးပေါ် သွားနေတဲ့ ကားတစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံးသွားပါတယ်။
မနေ့ မေ ၂၂ ရက် မွန်းလွဲပိုင်းမှာ မိုးဗြဲ-ပီကင်း လမ်းမကြီးမှာ သွားနေတဲ့ အသက် ၆၀ အရွယ် ဦးအုန်းမြင့်ဟာ သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
အဆိုပါကားပေါ်မှာ သားအဖနှစ်ဦး လိုက်ပါစီးနင်းခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူ ယာဉ်မောင်း ဦးအုန်းမြင့် သေနတ်ထိမှန် သေဆုံးခဲ့တာပါ။
ဦးအုန်းမြင့်ဟာ ဈေးရောင်းဈေးဝယ်ပြုလုပ်နေသူတဦး ဖြစ်တယ်လို့ သိရပြီး ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
လတ်တလော မိုးဗြဲ-ပီကင်းလမ်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ စစ်ကောင်စီတပ် လှုပ်ရှားမှုတွေရှိတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။ DVB