မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် စစ်တွေ ပွိုင့်ကမ်းနားလမ်း ပြန်ပြင်ရန် အချိန်နှစ်ချီ ကြာနိုင်

အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့တဲ့ စစ်တွေ ပွိုင့်ကမ်းနားလမ်း ပြန်လည်ပြုပြင်ဖို့ အချိန်နှစ်ချီ ကြာမြင့်နိုင်ကြောင်း ကျွမ်းကျင်အင်ဂျင်နီယာတွေထံက သိရပါတယ်။
“ဒီလောက်အထိ ပျက်စီးသွားတာကို ပြန်လည်ပြုပြင်ဖို့ကတော့ အတော်လေး အချိန်ပေးရပါလိမ့်မယ်။ အောက်ခံမြေကို အမာခံထည်ဆောက်ရမယ်။ နောက်ပြီး ပင်လယ်လှိုင်းကာနံရံတွေ အားလုံးနီးပါး အသစ်တည်ဆောက်ရမယ်။ ပြီး ကွန်ကရစ်လမ်း ပြန်ခင်းရမှာ။ လက်ရှိ ပြိုပျက်သွားတာတွေကိုတောင် ရှင်းလင်းဖို့ အချိန်အတော်ပေးရမှာ။ ဒီနေ့အထိ ဘာမှပြုပြင်တာ မရှိသေးဘူး။”
အဆိုပါ စစ်တွေမြို့ရှိ စစ်တွေပွိုင့်ကမ်းနားလမ်းမှာ မေ ၁၄ ရက် နေ့လယ်ပိုင်းက တိုက်ခတ်ခဲ့ရာ အလွန်ပြင်းထန်တဲ့ ပင်လယ်ရေလှိုင်းတွေ ရိုက်ပုတ်တဲ့ဒဏ်တွေနဲ့ လမ်းအောက်ခံသဲတွေ ပင်လယ်ပြင်ထဲ ဆွဲချသွားတာကြောင့် အခုလို အပျက်အစီး အလွန်များပြားခဲ့ရတာပါ။
စစ်တွေကမ်းနားလမ်းတလျှောက် မိုးရွာလာရင် မြေသားတွေ ပိုနိမ့်ဝင်လာနိုင်ပြီး အန္တရာယ်များတဲ့အတွက် အဲဒီလမ်းကို သက်ဆိုင်ရာက လူသွားလာခွင့်မပြုဘဲ ပိတ်ထားသင့်ကြောင်း စစ်တွေဒေသခံ လူကြီးတဦးက ဆိုပါတယ်။
“အန္တရာယ်များတယ်။ မိုးရွာရင် လမ်းက ပိုပြီး မြေကြီးထဲကို ချိုင့်ဝင်သွားနိုင်သေးတယ်။ အဲ့ဒီနေရာတွေကို အခုက လူငယ်လူကြီး အသွား အလာတွေ များနေကြတယ်။ အန္တရာယ်ရှိတဲ့လမ်းကို အာဏာပိုင်တွေ ပိတ်ထားသင့်တယ်။”
စစ်တွေကမ်းနားလမ်းမှာ ၂ မိုင်ကျော်ရှည်လျားပြီး အများဆုံး ပျက်စီးသွားတဲ့နေရာမှာ စစ်တွေပွိုင့်အပန်းခြေစခန်းမှ စစ်တွေဟိုတယ်သွား ရာလမ်း မိုင်ဝက်ခန့် လုံးဝပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ်။ DVB