မုန်းမြို့နယ်တွင် စစ်ဘေးရှောင် ၂၁,၈၈၀ ဦးအထိ ရှိလာဟု KNU ထုတ်ပြန်


ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၁,၈၈၀ ဦးအထိ ရှိလာသည်ဟု KNU ဗဟို၏ မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး၍ အရပ်သားပစ်မှတ်များအား တိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၈ ရွာမှ ဒေသခံများ ထွက်ပြေးနေရသည် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက် နေ့လယ်ပိုင်းတွင် မုန်းမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲချခဲ့ရာ နောင်ကုန်းရွာအတွင်းရှိ စာသင်ကျောင်း တစ်ကျောင်း၊ ဒေသခံနေအိမ် တစ်လုံး ဗုံးထိမှန် ပျက်စီးခဲ့ပြီး ဒေသခံနေအိမ် တစ်လုံး ဗုံးထိ၍ မီးလောင်ပြာကျခဲ့ရကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
မေလ ၁၆ ရက်နေ့ကလည်း မုန်းမြို့နယ်၊ တမာခေါကျေးရွာနှင့် အနောက်တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်က တမာခေါကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးနှင့် အနောက်တောင်စုကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်းနှစ်ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး မေလ ၁၇ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် ယမန်နေ့ မေလ ၂၂ ရက် နံနက်ပိုင်းမှစ၍ မုန်းမြို့အခြေစိုက် ခမရ(၅၉၉) နှင့် ဖြူးမြို့နယ်အခြေစိုက် ခလရ(၁၀၆)တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုန်းမြို့နယ်၊ တုံးတောရွာ၊ စဝေရွာ၊ ကျွန်းတောကျေးရွာများအတွင်း အင်အားဖြည့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ယင်းကျေးရွာများရှိ ဒေသခံများ ထပ်မံစစ်ဘေးရှောင်နေရကြောင်း သိရသည်။
“စစ်ကြောင်းထပ်ထိုးလာတာ၊ ဖြူးဘက်ကတပ်ရယ်၊ နယ်ခံ (၅၉၉) ရယ်ကနေ တုံးတောနဲ့ စဝေ၊ ကျွန်းတောဘက်ကို စစ်ကြောင်းထိုးလာတာ။ စစ်ကြောင်းထိုးပြီဆိုတာနဲ့ ဘာလုပ်မယ်မှန်းမသိတော့ ရွာသားတွေ ရှောင်ပြေးနေကြပါပြီ” ဟု KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် မုန်းမြို့နယ်အတွင်းရှိ ညောင်ပင်သာကျေးရွာ၊ နောင်ချိုကျေးရွာ၊ ဒိုက်ပုံကျေးရွာ၊ မီးတိုင်တောကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကျောင်းစုကျေးရွာ၊ မြောင်းဦးကျေးရွာ၊ ရေအိုးစင်ကျေးရွာ၊ ကော့ပြင်းကျေးရွာ၊ ကျောက်ကန်ကျေးရွာ၊ နောင်ကုန်းကျေးရွာ၊ တောင်စုကျေးရွာ၊ စဝေရွာ၊ ကျွန်းတောကျေးရွာ၊ ညောင်ပင်ဆိပ်ကျေးရွာ၊ မြောင်းရိုးကြီးကျေးရွာ၊ ရွာဟောင်းကျေးရွာနှင့် တပ်ကုန်းကျေးရွာ အစရှိသည့် ကျေးရွာ ၁၈ ရွာမှ ဒေသခံ ၂၁,၈၈၀ ဦး ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
စစ်ဘေးရှောင်စခန်းများတွင် မိုးဦးကာလဖြစ်၍ ဖျားနာခြင်း၊ ဝမ်းလျောခြင်းအစရှိသည့် ရောဂါများ အဖြစ်များနေကာ အမိုးအကာ မလုံ လောက်မှု၊ စားနပ်ရိက္ခာမလုံလောက်မှု စသည့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း KNLA သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
“အမျိုးသမီးတွေ ကလေးတွေကတော့ အများဆုံးပေါ့။ အသက်ကြီးတဲ့သူတွေရော ကိုယ်ဝန်ဆောင်တွေလည်းပါတယ်။ နေရာက အခုက အနှံ့ပဲ။ ဒီလိုပဲ အုပ်စုလိုက်လေးတွေ ရှောင်နေကြရတာ။ အခက်အခဲကတော့ အခြေခံလိုအပ်ချက်တွေ အကုန်လိုအပ်နေတာပါပဲ။ ကျွန်တော်တို့ကတော့ လူ ၂၀၀ လောက်ကိုပဲ ထောက်ပံ့နိုင်ပါသေးတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရပ်သားပစ်မှတ်များအား ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရပြီး ကျန်ရှိနေသည့် နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခြင်းကိုပါ ပြုလုပ်နေကြောင်း သိရသည်။ mizzima