မြင်းခြံထောင်တွင် နိုင်ကျဉ်းများကို သီးသန့်ခေါ်ထုတ်မှု ဆက်လက်ပြုလုပ်နေ

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မြင်းခြံအကျဉ်းထောင်တွင် စစ်ကောင်စီတပ်နှင့်ရဲက နိုင်ငံရေးအကျဉ်းသားအချို့ကို သီးသန့်ခေါ်ထုတ်မှု ဆက်လက်ပြုလုပ်နေပြီး ထောင်တွင်းလုံခြုံရေးကိုလည်း တင်းကျပ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) ဦးဆောင်သူ ကိုသိုက်ထွန်းဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲက မေလ ၂၁ ရက်နေ့နှင့် မေလ ၂၂ ရက်နေ့တို့တွင် ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုဥက္ကာ၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုအောင်မျိုးသန့်နှင့် ကိုကျော်ဇင်ဦးတို့ကို အချိန်ခွဲ၍ သီးသန့်ခေါ်ထုတ်သွားပြီး ယမန်နေ့ ညနေပိုင်းတွင် ကိုစိုးရာဇာထွန်းလွင်နှင့် ကိုဇော်လှိုင်းတို့ကို ထပ်မံခေါ်ထုတ်သွားကြောင်း သိရသည်။

“ဘယ်ဆီကို ပို့ထားမှန်းတော့ အခုအချိန်ထိ အတည်ပြုချက်မရသေးဘူး။ စစ်ကြောရေးဆိုတဲ့ခေါင်းစဉ်ပဲ ရှိတယ်​ပေါ့​နော်။ စစ်ကြောရေးမှာ ခေါ်ယူမေးမြန်းစစ်ဆေးနေကြတယ်ပေါ့နော်။ အဓိကအကြောင်းပြချက်ကတော့ PDF တွေနဲ့ အဆက်အသွယ်မလုပ်ဖို့နဲ့ ထောင်ရဲ့လုံခြုံရေးကို အဲ့ဒီလိုမျိုးပေါ့၊ အကြောင်းပြမှာပေါ့ ။ ”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

သီးသန့်ခေါ်ထုတ်ခံရသူများထဲမှ ကိုကျော်ဇင်ဦးမှာ ယမန်နေ့က အကျဉ်းထောင်သို့ ပြန်လည်ရောက်ရှိလာသော်လည်း ကျန်ရှိသည့်သူများမှာ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

ယခုအခြေအနေအရ အဆက်အသွယ်ပြတ်တောက်နေသည့် နိုင်ငံရေးအကျဉ်းသားများအတွက် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။

“ဒီလူတွေ(သီးသန့်ခေါ်ထုတ်ခံရသူ)သည် နဂိုတည်းက ကျန်းမာရေးကောင်းတယ်။ ရောဂါအခံ တစ်ခုမှ မရှိဘူး။ အားလုံးက အနာတရဒဏ်ရာ တစ်ခုမှ မရှိဘူးပေါ့နော်။ သက်ဆိုင်သူတွေအနေနဲ့ အဲ့တာကို ပြောကြားလိုတယ်”ဟု ဆိုသည်။

ထိုသို့ အကျဉ်းသားများကို သီးသန့်ခေါ်ထုတ်နေသည့်အပေါ် အကျဉ်း ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက ယမန်နေ့ နံနက်ပိုင်းကစ၍ လက်ရှိအချိန်အထိ အစာအငတ်ခံဆန္ဒပြမှု ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

လက်ရှိတွင် မြင်းခြံအကျဉ်းထောင်အတွင်း စစ်ကောင်စီတပ်နှင့် ရဲက လုံခြုံရေးတာဝန်ယူပြီး တင်းကျပ်ထားသည့်အပြင် အကျဉ်းဦးစီးဌာန၀န်ထမ်းများ၏ ဖုန်းကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s