ရေးဒေသတွင် အမှုကိစ္စများတိုင်ကြားရန်အ တွက် နယ်မြေရဲစခန်းအချို့၌ ရဲများမရှိကြ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းများတွင် ရဲတပ်သားများမရှိကြတော့ဘဲ ရေး မြို့မရဲစခန်းနှင့် လမိုင်းမြို့နယ် ရဲစခန်းတွင်စုနေကြသောကြောင့် ဒေသခံများအနေဖြင့် ရပ်ရွာအတွင်း အမှု ကိစ္စရပ်များပေါ်ပေါက်လာပါက အုပ်ချုပ်ရေးမှူးများမှတဆင့်သာ တိုင်ကြားဖြေရှင်းနေရကြောင်း ဒေသခံ များထံမှ သိရသည်။
“ရဲစခန်းက ဘယ်မှာမှမရှိတော့ဘူး ရေးမှာပဲ ရှိတော့တယ်။ တိုင်ချက်ဖွင့်ချင်ရင် ရုံးမှာတော့ လူကြီးတွေရှိ သေးတယ်။ အုပ်ချုပ်ရေးမှူးတွေဘာတွေတော့ ရှိတာပေါ့။ ရဲကတော့ အရင်ကရှိတယ် အခုမရှိတော့ဘူး” ဟု ဇီးဖြူသောင်ကျေးရွာနေသူတစ်ဦးက ပြောသည်။
စစ်အာဏာမသိမ်းခင်က အမှုကိစ္စများပေါ်ပေါက်လျင် နယ်မြေရဲစခန်းတွင် တိုင်ကြားလေ့ရှိသော်လည်း နှစ်ကရင်နယ်မြေရဲစခန်း၌ ရဲမရှိသည် မှာ တနှစ်နီးပါးခန့်ရှိပြီဖြစ်ကြောင်းနှင့် အဆိုပါစခန်းမှမှ ရဲများသည် လက်ရှိတွင် လမိုင်းမြို့ရဲစခန်းသို့ရောက်ရှိသွားကြပြီး တိုင်ချက်ဖွင့်လိုပါက လမိုင်းမြို့နယ် ရဲစခန်းသို့ သွား ရောက်တိုင်ချက်ဖွင့်ရကြောင်း နှစ်ကရင်ကျေးရွာမှ ဒေသခံများက ပြောသည်။
လမိုင်းမြို့တွင်စုနေကြသည့် ရဲတပ်သားများသည် နေ့ခင်းပိုင်းတွင်သာရှိပြီး ညပိုင်းတွင် မရှိကြကြောင်းနှင့် ရဲဝတ်စုံဖြင့် အပြင်ထွက်ကြလေ့မရှိကြောင်းလည်း ဒေသခံများက ပြောသည်။
ရေးမြို့နယ် ခေါဇာနယ်မြေရဲစခန်းတွင်လည်း စခန်းမှူးပစ်သတ်ခံရသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစပြီး စခန်းတစ်ခုလုံး တပ်တွင်းသို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။
“ခေါဇာရဲစခန်းမှူး ပစ်သတ်ခံရပြီးနောက်ပိုင်း စခန်းမှာမနေကြတော့ဘဲ တပ်ရင်းကို ပြောင်းရွှေ့ခံလိုက်ရ တယ်။ စခန်းမှူးကျသွားပြီး နောက်နေ့မှာပဲ သူတို့ ရဲစခန်းတစ်ခုလုံး တပ်ရင်းထဲကို ရောက်သွားတာ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ကျောင်းရွာစံပြကျေးရွာ နယ်မြေရဲစခန်းမှ ရဲများသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် Ye Special Task Force-YSTF ၏ ဝင်ရောက်တိုက် ခိုက်မှုအပြီး ရဲစခန်းကို စွန့်ခွာခဲ့ရာ လက်ရှိတွင် ကျေးရွာတွင်းသို့ ချဲ၊ နှစ်လုံးထီ စသည့်အကောက်အခွန်ကိစ္စများအတွက် နေ့ချင်းပြန်ရောက်လာတတ်သော်လည်း ရဲစခန်းကိုမူ လက်ရှိအချိန်အထိ ပြန်လာခြင်းမရှိကြကြောင်း YSTF အဖွဲ့တာဝန်ခံမှ သိရသည်။
ရေးမြို့နယ်အစွန်အဖျားဒေသများတွင် လုံခြုံရေးယူပေးနေရသည့် ရဲတပ်သားများအနေဖြင့် ၎င်းတို့၏ လုံခြုံရေးကိုစိုးရိမ်ပြီး စခန်းကိုစွန့်ခွာကာ အဓိကရဲစခန်းနှစ်ခုတွင်သာ သွားရောက်အင်အားဖြည့်ထားခြင်း ဖြစ်နိုင်ကြောင်း ဇီးဖြူသောင်နယ်မြေရဲစခန်းအား နှစ်ကြိမ်တိုင်တိုင်သွားရောက်ပစ်ခတ်ခဲ့သည့် မွန်ပြည် နယ်အခြေပြုတော်လှန်ရေးအဖွဲ့(MSRO) မှ စစ်ရေးတာဝန်ခံကိုဒီဃာက မှတ်ချက်ပြုသည်။
တော်လှန်ရေးအင်အားစုများအားကောင်းသည့် ရေးမြို့နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းတွင် စစ်ကောင်စီမှ ရဲစခန်းများကိုလက်လွှတ်ခဲ့ရသကဲ့သို့ ရေးမြို့ပေါ်ရပ်ကွက်များကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိ ပေ။ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် လုံခြုံရေးတင်းကျပ်ထားသည့် ရေး မြို့မရဲစခန်းအား ရေးဘီလူး အဖွဲ့မှ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သေးသည်။
ရေးမြို့နယ်တွင် စစ်ကောင်စီက အပြည့်အဝမထိန်းချုပ်နိုင်သဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်အုပ် ချုပ်ရေး ကြေညာခဲ့သော်လည်း လက် ရှိအချိန်အထိ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် တော်လှန်ရေး အင်အားစုမှာ ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီမှအပြည့် အဝထိန်းချုပ်နိုင်ခြင်းမရှိသေး ကြောင်း YPDF မှ ဗိုလ်ရန်နိုင်က ပြောသည်။ mizzima