ရေးမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံး၊ တပ်ဖွဲ့ဝင် ၂ ဦးထွက်ပြေး၊  သထုံမြို့နယ်၌ ခရီးသည်တင်ကား မိုင်းဆွဲခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု၊ ဝါပသဲကျေးရွာနားမှာ မေ ၁၉ ရက်နဲ့ ၂၀ ရက် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။

မေ ၁၉ ရက် ညနေဘက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ စတင်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး မေ ၂၀ ရက် မနက်ဘက်မှာ ဆက်လက်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။

တိုက်ပွဲအတွင်း ဒေသကာကွယ်ရေး PDF ရဲဘော် ၁ ဦး လက်မှာ ဒဏ်ရာတချက်ရရှိပြီး သေနတ်တလက် ပျက်စီးသွားခဲ့တယ်လို့ ဗိုလ်ရန်နိုင်က ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကို ရေးမြောက်ပိုင်း PDF နဲ့ ကျားဖြူစစ်ကြောင်း ပူးပေါင်းတိုက်ခိုက်ပြီး ၂ ရက်တာအတွင်း ၅ နာရီကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ကျေးရွာသားတချို့ကို ဖမ်းဆီးပြီး PDF တွေ လှုပ်ရှားနယ်မြေဘက်ကို လမ်းပြအဖြစ် ခေါ်ဆောင်သွားတာခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ နေ့တိုင်းလိုလို ကင်းထောက်နေတဲ့အတွက် ဒေသခံတွေ ရွာမှာမနေရဲကြဘူးလို့ ဆိုပါတယ်။

လက်ရှိ ကရွန်ကျေးရွာမှာ အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်မိနေပြီး တိုက်ပွဲတွေကြောင့် စစ်တပ်က ရဲဘော်တချို့ ထွက်ပြေးနေတယ်လို့ လမိုင်းဒေသခံတယောက်က ပြောပါတယ်။

ရေးမြောက်ပိုင်းဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေပါတယ်။

အခု ရေးမြို့နယ်မြောက်ပိုင်းက ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင် စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၁၀၆ ကနေ တပ်ဖွဲ့ဝင် ၂ ယောက် ထွက်ပြေးသွားတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

မေ ၂၁ ရက် ည ၉ နာရီလောက်မှာ လမိုင်းမြို့ ဘူတာဘက်ကို ညတွင်းချင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်လံရှာဖွေပေမဲ့ ဒီနေ့အထိ မတွေ့ရှိသေးဘူးလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခု တပ်ကနေ စွန့်ခွာထွက်ပြေးသွားတာ ဘယ်အဆင့်တွေလဲ၊ ဘာကြောင့် ထွက်ပြေးသွားတာလဲ ဆိုတာ မသိရှိရသေးသလို တပ်ကနေ ထွက်ပြေးလာတဲ့ သတင်းတွေဆို စစ်တပ်ဘက်က သတင်းဖုံးထားတယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်ကနေ စွန့်ခွာလာတာကိုကြည့်ရင် စစ်ဆင်ရေးတွေမှာ အသေအပျောက်များတာ၊ ရှေ့တန်းသွားပြီး စိတ်ဓာတ်ရေးရာ ကျဆင်းလာသလို နားရက်မရှိတာကြောင့် တပ်ကနေ တဖြည်းဖြည်း စွန့်ခွာလာသူတွေ နေရာတိုင်းမှာ တွေ့မြင်လာနေရတယ်လို့ စစ်ရေးလေ့လာသူတချို့က ပြောပါတယ်။

ရေးမြို့နယ်ထဲမှာ အခုလို စစ်တပ်ကနေ ထွက်ပြေးလာတာ ၁၀၆ တပ်ရင်းကနေပဲ ၂ ကြိမ်လောက် ရှိနေပြီဖြစ်ပါတယ်။

အဆိုပါ ၁၀၆ တပ်ရင်းဟာ ရေး-သံဖြူဇရပ် ကားလမ်းမဘေးမှာတည်ရှိပြီး PDF တွေ မကြာခဏဆိုသလို အလစ်အငိုက် တိုက်ခိုက်ခံနေရတဲ့ စစ်တပ်လည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာတော့  မေ ၂၁ ရက် ည ၁၀ နာရီ လောက်က ခရီးသည်တင်ကား မိုင်းဆွဲခံရလို့ ခရီးသည် ၃ ဦး  ဒဏ်ရာ ရသွားတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။

ရန်ကုန်ကနေ မြဝတီတက်မယ့် ခရီးသည်တင် မှန်လုံယာဉ်မှာ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး လိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၃ ဦး မိုင်းစ ထိမှန်ခဲ့တာကြောင့် သထုံခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

မြဝတီမြို့နေသူ အောင်မွန်ဦး (၃၆နှစ်)၊ ဦးလှမင်းထွန်း (၄၉နှစ်)နဲ့ မော်လမြိုင်ကျွန်းမြိုနေသူ ဦးမြင့်ဇော်(၄၃နှစ်)တို့ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းမှာ ဒီနေ့အထိ ခရီးသွားကား ၆ စီးလောက် မိုင်းဆွဲ ခံထားရပြီး သေဆုံး၊ ဒဏ်ရာ ရတာတွေလည်း ရှိခဲ့တယ်လို့ သထုံမြို့ဒေသခံတွေက ပြောပါတယ်။  အခုလို မိုင်းဆွဲတိုက်ခိုက်တာကို ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်လို့ မသိရပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s