လောင်းလုံးတွင် စစ်ကောင်စီလက်အောက်ခံ ရုံး ၃ ခု တချိန်တည်းတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ လ.၀.က၊ ရဲစခန်းနှင့် စ.ရ.ဖရုံးတို့ကို PDF ပူးပေါင်းတပ်မှ ယနေ့ မေလ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှစ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စရဖရုံးဘက်မှ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း PDF တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ယင်းကဲ့သို့ တစ်ပြိုင်တည်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီလက်အောက်ခံအရာရှိတစ်ဦးနှင့် ရုံးဝန် ထမ်းတဦးအပါဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
“ စစ်တပ်လက်အောက်ခံ ရုံးနေရာ ၃ ခုကို တစ်ပြိုင်တည်း ဝင်ပစ်တဲ့အချိန်မှာ လ၀ကရုံးကအရာရှိ တစ်ဦးနဲ့ ဝန်ထမ်းတစ်ဦး သေနတ်ထိမှန်ပြီးနှစ်ဦးသေတယ်လို့တော့ ကနဦးကြားရတယ်” ဟု လောင်းလုံး PDF မှ ရဲဘော်တစ်ဦးကပြောသည်။
လက်ရှိတွင် ရုံးသုံးရုံးကိုသွားရောက်တိုက်ခိုက်သည့် အဖွဲ့အမည်များနှင့် ဖြစ်စဉ်အသေးစိတ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ မေလ ၂၃ ရက်နေ့ ညနေပိုင်းအထိ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
“ အခု လက်ရှိမှာ နေ့လယ်ကပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တော့ စစ်တပ်ကရောက်လာပြီး စစ်ဆေးမှုတွေ လုပ် နေတာမျိုးရှိနေတယ်”ဟု လောင်းလုံးမြို့ခံတစ်ဦးက ပြောသည်။
လ.၀.ကရုံးနှင့် စ.ရ.ဖရုံးတို့မှာ အနီးကပ်တည်ရှိပြီး ပစ်ခတ်မှုဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက်မှ ပြန်လည် ပစ်ခတ်မှုကြောင့် အရပ်သားအချို့ထိခိုက်ခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
လောင်းလုံးမြို့နယ်ရဲစခန်းသည် မကြာခဏ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များရှိခဲ့ပြီး လ.၀.ကနှင့် စ.ရ.ဖရုံးတို့ မှာ ပထမဆုံးအကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ mizzima