အုတ်ဖိုတွင် ဆိုင်ကယ်စီးနင်းသူများအား ရဲများက အကြောင်းပြချက်မျိုးစုံဖြင့် ဖမ်းဆီးငွေတောင်းနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ဆိုင်ကယ်စီးနင်းသွားလာနေသူများအား ရဲများက အကြောင်းပြချက်မျိုးစုံဖြင့် ဖမ်းဆီးကာငွေတောင်းခံနေသည်ဟု ဒေသခံများကမဇ္ဈိမကိုပြောသည်။

ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်မရှိပါက တရားစွဲဆိုထောင်ချမည်ဟုဆိုကာ အနည်းဆုံး ကျပ် ၁၅၀,၀၀၀ မှ ၃၀၀,၀၀၀ အထိတောင်းခံနေကြောင်းနှင့် လိုင်စင်ရှိပါကလည်း ဘက်မှန်၊ ဒူးကာ၊ အချက် ပြမီး၊ ဆိုင်ကယ်ဦးထုတ်မပါသောကြောင့်ဆိုကာ ဖမ်းဆီးနေခြင်းဖြစ်သည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရ ဖမ်းဆီးအရေးယူခြင်းများကို နားလည်သော်လည်း ဖမ်းဆီးချိန်တွင် ယာဉ်ထိန်းရဲများ မပါခြင်း၊ ယခင်ကဲ့သို့ တရားရုံးတွင်ဒဏ်ငွေဆောင်ရခြင်းများမဟုတ်သည့်အတွက် ရဲများ က ၎င်းတို့အိတ်ထဲထည့်နေ၍ပြောရခြင်းဖြစ်သည်ဟု အုတ်ဖိုမြို့နေ အမည်မဖော်လိုသူ အမျိုးသားတဦး က မဇ္ဈိမကိုပြောသည်။

“အိုးသည်ကုန်းရဲစခန်းက နယ်ထိန်းဖုန်းမြင့်အောင် ဦးဆောင်ပြီး ထွက်ဖမ်း၊ ထွက်တောင်းနေတာ။ တခါ တလေစစ်သားတွေလည်း ပါတယ်။ ပြည်သူတွေကိုသာ ဖမ်းနေတာ သူတို့စီးလာတဲ့ဆိုင်ကယ်ကြည့်တော့ ဝစ်သောက်(လိုင်စင်မဲ့)တွေ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ကောက်ခံရရှိသော ဒဏ်ငွေများအား ယခင်ကဲ့သို့ တရားရုံးမှပေးဆောင်ရခြင်းမဟုတ်သည့်အတွက် မည်သည့်အကျိုးပြုလုပ်ငန်းတွင်မှ ပြန်သုံးခြင်းမရှိဘဲ ၎င်းတို့အိတ်ထဲသို့ထည့်နေခြင်းဖြစ်ကြောင်းလည်း အဆိုပါဒေသခံမှ သုံးသပ်ပြောဆိုသည်။

“အခုက ဆိုင်ကယ်စီးမိရင်ကို တရားခံလိုဖြစ်နေတာပါ။ ပြည်သူတွေ အသိတရားဝင်ရအောင် ပညာပေး တာဖမ်းတာလည်းမဟုတ်၊ ငွေလိုချင်လို့ကိုဖမ်းနေတာဆိုတော့ ခက်တယ်” ဟု အခြား အုတ်ဖိုမြို့ခံတဦး ကလည်းပြောသည်။

ဖမ်းဆီးခံရပါက ရဲစခန်းသို့လိုက်ပါသွားရသည်လည်းရှိသလို ဖမ်းဆီးခံရသည့်နေရာတွင်ပင် ငွေပေးကာ ဖြေရှင်းသည်လည်းရှိကြောင်း သိရသည်။ သို့သော် ယခင်ကဲ့သို့ တရားရုံးတွင်ဖြေရှင်းရခြင်းများ မရှိတော့ သည့်အပြင် ပေးဆောင်ခြင်းအတွက်လည်း မည်သည့်ပြေစာမှ ပြန်မရကြောင်း ဒေသခံများကဆိုသည်။

“လုပ်ငန်းစဉ်အရဆိုရင် ယာဉ်ထိန်းရဲမရှိတဲ့မြို့တွေမှာ ရဲတွေက ဒီကိစ္စတွေကိုကြိုတင်ကာကွယ်တဲ့ သဘောနဲ့ လုပ်ကြရတာဖြစ်ပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်ရင် ရဲစခန်းကိုဖမ်း ခေါ်ရ တယ်။ ပြီးရင် လူအာမခံဆိုင်ကယ်အာမခံလုပ်၊ မဟုတ်ရင် ဆိုင်ကယ်ကို အဲဒီနေ့ စခန်းမှာယူထားလိုက် တယ် နောက်ရက်မှာတော့ လူရောဆိုင်ကယ်ရောပေါ့ ဖမ်းဆီးထားတာတွေကို တရားရုံးကိုတင်ပေးတယ်။ တရားရုံးက သမာသမတ်ကျကျလုပ်ကိုင်ကြရင် ဒါတွေဟာ နိုင်ငံတော်ဘဏ္ဍာဖြစ်သွားပါတယ်” ဟု CDM ရဲဝန်ထမ်းတစ်ဦးက လုပ်ငန်းစဉ်ကိုရှင်းပြ သည်။

အလားတူ နတ်တလင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့်ရဲများက ကျေးရွာများအထိ ဆင်းဖမ်းနေ ပြီး နေရာတွင်ပင် ငွေတောင်းခံနေကြောင်း ဒေသခံများကဆိုသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s