ကချင်ပြည်နယ်တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီး လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကနေ တနိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ လမ်းတလျေှာက်မှာတွေ့ တဲ့ ဒေသခံပြည်သူတွေကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
စစ်ကောင်စီတပ် အင်အား ၈၀ ခန့်ဟာ ဖားကန့်မြို့နယ်ဘက်ကနေ တနိုင်းမြို့နယ်ဘက်ကို ပြီးခဲ့တဲ့ မေ ၁၅ ရက်ဝန်းကျင်က စတင် စစ်ကြောင်းထိုးလာပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာရှိနေတဲ့ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ တခြားကျေးရွာတရွာ အရောက်မှာ ပြန်လွှတ်ပေးပြီး တခြားကျေးရွာက ပြည်သူတွေကို ထပ်မံဖမ်းဆီး ခေါ်ဆောင်တဲ့ပုံစံတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
တနိုင်းဒေသခံတဦးက “စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ လမ်းတလျေှာက် တွေ့ရာလူကို စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်တယ်။ ကလေးကအစ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင် အကုန်ဖမ်းတယ်။ စစ်ကြောင်းက နောက် တခြားရွာတရွာရောက်မှ ခုနဖမ်းလာတဲ့သူတွေကို ပြန်လွှတ် ပေးပြီး နောက်တရွာကလူတွေကို ထပ်ဖမ်းတဲ့ပုံစံ လုပ်လာတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ ခြေလျင်စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာ KIA က ကြားဖြတ် တိုက်ခိုက်တာတွေ ပြုလုပ်နေကာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတဲ့အတွက် ကြားဖြတ်တိုက်ခိုက်ခံရတာတွေ မဖြစ်တော့ကြောင်း သိရပါတယ်။
“စစ်တပ်က စစ်ရေးလှုပ်ရှားတာတွေ၊ စစ်ကြောင်းထိုးတာတွေ လုပ်ရင် KIA က ကြားဖြတ်တိုက်တာရှိတယ်။ အခုပုံစံက ဒေသခံပြည်သူတွေကို အရှေ့အနောက်မှာ ထားပြီး စစ်ကြောင်းထိုးတော့ ကြားဖြတ်တိုက်ခိုက်ခံရတာ မရှိဘူး ဆိုပြီး ပြည်သူတွေကို လူသားဒိုင်း ပြုလုပ်တာ ဖြစ်နိုင်တယ်” လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
မေ ၁၇ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ နန့်ယားကျေးရွာနဲ့ ခင်တောင်ကျေးရွာကို ဝင်ရောက်ပြီး သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်တွေ အပါအဝင် အမျိုးသား အမျိုးသမီး ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်။ DVB