ကချင်ပြည်နယ် ဗန်းမော်ခရိုင်က မုန်တိုင်းသင့်ကျေးရွာများ အကူအညီမရသေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ မုန်တိုင်းသင့်ကျေးရွာတွေ ဒီနေ့အထိ ဘယ်အကူအညီမှ မရသေးတာကြောင့် ကူညီထောက်ပံ့တာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတဦးက “ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့က တိုက်ခဲ့တဲ့ မုန်တိုင်းကြောင့် မိုးမောက်နဲ့ မံစီမြို့နယ်ထဲက မိုင်းကုန်း၊ ဝထန်၊ ခက်မာ၊ အောင်နန်ရွာတွေဘက်မှာ နေအိမ် အလုံး ၆၀ ကျော် ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ဒီနေ့အထိ ဘယ်အထောက်အပံ့ အကူအညီမှ မရရှိသေးတာကြောင့် ရတဲ့နည်းနဲ့ နေဖို့ထိုင်ဖို့ စားသောက်ဖို့ ဖန်တီးနေရပြီး အခက်အခဲဖြစ်ကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတွေရဲ့ စိုက်ပျိုးသီးနှံတွေလည်း ပျက်စီးခဲ့ပြီး စီးပွားရေး၊ ကျန်းမာရေးနဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် မိသားစုတွေ စိတ်ပူနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ DVB