စစ်ကိုင်းတိုင်း အင်းတော်တွင် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံနေရသဖြင့် အထိနာနေချိန်တွင် လေတပ်က တိုက်ပွဲဖြစ်သည့် နေရာအနီး လာရောက် ဗုံးကြဲသွားသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
မြို့အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာ ရွာသာယာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျောင်းသားတပ်မတော် (ABSDF) က မေ ၂၂ နံနက်မှ စတင်ကာ ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်သည်။
ယနေ့ (မေ ၂၃) နံနက်တွင် ရွာသာယာရွာမှ အနောက်ဘက် ဗန်းမောက်မြို့နယ်သို့ ဦးတည်ထွက်ခွာမည့် အင်အား ၂၀၀ ခန့် ပါသည့် စစ်ကောင်စီတပ်ကို ABSDF က ထပ်မံတိုက်ခိုက်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ အင်းတော်ဒေသ တပ်ဖွဲ့များလည်း ပူးပေါင်း တိုက်ခိုက်ခဲ့သည်၊ တိုက်ပွဲလည်း ပြင်းထန်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲတစ်နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှာ ရွာသာယာရွာအတွင်း ပိတ်မိနေသည့်အတွက် အင်းတော်မြို့ဘက် တပ်စခန်းက လက်နက်ကြီးပစ်ကူပေးခဲ့သလို နံနက် ၁၁ နာရီခန့်တွင် တိုက်လေယာဉ်နှစ်စီးလည်း လာရောက် ဗုံးကြဲသွားသည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု ရှိသည်၊ ယမန်နေ့ တိုက်ပွဲအတွင်း ABSDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာရသလို ယနေ့တွင်လည်း အင်းတော် (PDF) ရဲဘော်နှစ်ဦး ဒဏ်ရာရသည်ဟု Indaw Revolution (IR) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“လေယာဉ်နဲ့ ပြီးတော့ အခု အင်းတော်ကနေ လက်နက်ကြီးနဲ့ပါ ဆက်ပစ်နေတုန်းပဲ” ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“(စစ်တပ်က) အခုထိ ရွာသာယာနားမှာပဲ ရှိသေးတယ်၊ သူတို့လည်း ရှေ့ဆက်မတက်ရဲဘူး”
အသက် (၄၀) ကျော်အရွယ် အင်းတော် ဒေသခံအမျိုးသားတစ်ဦးက တိုက်ပွဲဖြစ်သည့် နေရာမှ ပစ်ခတ်သံများ၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်သံများကို မြို့အနောက်ဘက်မှ ကြားနေရသည်ဟု ပြောသည်။
“လေယာဉ်တော့ မမြင်လိုက်ရဘူး၊ မြန်လို့။ လေယာဉ်သံကတော့ ကြားနေရတယ်၊ ပြီးတော့ အင်းတော်က လက်နက်ကြီးနဲ့ တစ်မနက်လုံး ပစ်ကူနေတာ၊ အင်းတော် တပ်ကုန်းကနေ လှမ်းပစ်နေတာ” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာ အောင်းကုန်းရွာတွင် ပြီးခဲ့သည့် နှစ်လခန့်မှစတင်ကာ စစ်အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် အင်းတော်မှ ခြေမြန်တပ်ရင်း (၄၁၆) မှ အင်အား ၈၀ ကျော်ဖြင့် ပူးပေါင်းကာ ဗန်းမောက်သို့ စစ်ကြောင်းထိုးရန် ကြိုးစားနေခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်မှ ရွာများဖြစ်သည့် အောင်းကုန်း၊ နန့်သာ၊ အင်ပြင်၊ ရွာသာယာစသည့် ရွာများမှာ အောင်းကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရန်ကြောင့် ပြီးခဲ့သည့် နှစ်လခန့်မှစတင်ကာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။
ဗန်းမောက်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်ကွာ ကြောင်လည်ရွာအနီးရှိ ထုံးတောင်တွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသည်၊ လေတပ်က မေ ၂၁၊ ၂၂ တို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဗန်းမောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဖိုးချွန်းက ပြောသည်။
“ကြောင်လည် ထုံးတောင်မှာက ဂျက်ဖိုက်တာနှစ်စီးလောက်နဲ့ကို ပစ်တာဗျ၊ အဲဒီဘက်မှာ နှစ်ရက်ဆက်တိုက်လောက်ကို ဆက်ပစ်တာ။ တိုက်ပွဲက ပြင်းတော့၊ မနေ့ကလည်း ဂျက်ဖိုက်တာ လာတယ်၊ နေ့စဉ်ရက်ဆက်လို ဖြစ်နေတာ” ဟု ကိုဖိုးချွန်းက ပြောသည်။
တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် ဗန်းမောက်မြို့ပေါ်မှ ပြည်သူများ တိမ်းရှောင်ကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆော်ဩထားသည့်အတွက် မြို့ခံအချို့မှာ ဗန်းမောက်မြို့တောင်ပိုင်းသို့ တိမ်းရှောင်နေကြသည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းတွင်လည်း တော်လှန်ရေး အရှိန်အ ဟုန်ကောင်းလျက်ရှိသည်။
အင်းတော်၊ ဗန်းမောက်စသည့် မြို့နယ်များသည် စစ်ကိုင်းတိုင်းအဆုံး ကချင်ပြည်နယ်အစပ်တွင် ရှိပြီး စစ်ကောင်စီတပ်များကို ခုခံရာတွင် အား ကောင်းသည့် ဒေသတစ်ခုဖြစ်သည်။
လက်နက်ကိုင် ခုခံမှုများ ပြင်းထန်လာပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ၂ တွင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်း မြို့နယ်များကို စစ်အုပ် ချုပ် ရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ရာ ထိုအထဲတွင် အင်းတော်မြို့နယ်လည်း ပါဝင်ခဲ့သည်။ myanmar now