စစ်ကောင်စီ ထောက်တိုင်များအား တိုက်ခိုက်ရာတွင် ဟန့်တားနှောင့်ယှက်ခြင်းမပြုရန် ကာ ကွယ်ရေးတပ်ဖွဲ့ မေတ္တာရပ်ခံ
စစ်ကောင်စီတပ်နှင့် ၄င်းတို့၏ ထောက်တိုင်များကို ရှင်းလင်းရေးလုပ်ဆောင်ရာတွင် ၀င်ရောက်ဟန့်တား နှောင့်ယှက်ခြင်းမပြုရန် Flying Dragon Force တပ်ဖွဲ့က ပြည်သူများအား မေတ္တာရပ်ခံသည်။
ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်( ၈ )ရပ်ကွက်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဘိုမြင့်ဆိုသူကို ယမန်နေ့ မေလ ၂၃ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့သည်။
ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးသည် မြို့ပြ UG များ၏ တည်နေရာကို သတင်းပေးခြင်း ၊ ဧည့်စာရင်းတိုင်သူများကို ငွေကြေးအဆမတန်တောင်းခံခြင်း ၊ ပြည်သူများအပေါ်တွင် အနိုင်ကျင့် မိုက်ရိုင်း စော်ကားခြင်း လုပ်ရပ်များ ပြုလုပ်ခဲ့သည့်အတွက် ရှင်းလင်းခဲ့ရကြောင်း ဆိုထားသည်။
ထိုသို့ ရှင်းလင်းရာတွင် အနီးရှိပြည်သူများက ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်ရဲဘော်ကို လက်သီးဖြင့် ထိုးခြင်း၊ တုတ်နှင့် ၀င်ရောက်ရိုက်နှက်ခြင်းများ ရှိခဲ့သည်။
“ မနေ့က အုပ်ချုပ်ရေးမှူးကို ရှင်းလင်းတဲ့အချိန်မှာ ပြည်သူအချို့က ကျွန်တော်တို့ ကာကွယ်ရေးရဲဘော်ကို ၀င်ရောက်ခုခံတိုက်ခိုက်တာရှိခဲ့တယ်။ လက်သီးနဲ့ထိုးတာတွေ၊ တုတ်နဲ့ ရိုက်တာတွေပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က စစ်ကောင်စီထောက်တိုင်ကိုပဲ ဦးတည်တဲ့အတွက် မဆိုင်တဲ့ပြည်သူတွေ ထိခိုက်အောင် မလုပ်ခဲ့ပါဘူး” ဟု FDF တပ်ဖွဲ့ တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
အနီးရှိ ပြည်သူများ၏ ခုခံတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးရဲဘော်တွင် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သော်လည်း အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ SHWEBO Defent Force (SBDF)LPDF စခန်း(၂) Buffalo Soldiers. Freedom Force LPDF၊ ဗိုလ်မိကျောင်း၊ Snake Eyes PDF နှင့် တန( ၂ ) တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည့် တိုက်ခိုက်မှုလုပ်ဆောင်သည့် ဗီဒီယိုဖိုင်တွင်လည်း ပြည်သူအချို့က ကာကွယ်ရေးရဲဘော်ကို ခုခံတိုက်ခိုက်မှု ပြုလုပ်နေသည့်မြင်ကွင်းကို မြင်တွေ့ရသည်။
“ ဒါက ရွှေဘိုမြို့နယ်မှာ ရှင်းလင်းရေးလုပ်တဲ့ အချိန် ပြန်လည်ခုခံမှုလုပ်တာ ပထမဆုံးပါ။ နောက်ကျရင်တော့ သတိထားရမှာပေါ့။ တိုက်ခိုက်တဲ့သူတွေက ဓားတွေဘာတွေနဲ့ ဆို ကျွန်တော်တို့ဘက်က ထိခိုက်တာတွေ ရှိလာနိုင်တယ်။ အဖမ်းခံရတာလည်း ဖြစ်နိုင်တယ်” ဟု FDF တပ်ဖွဲ့ တာ၀န်ရှိသူက ဆက်ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ထောက်တိုင်များနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ရှင်းလင်းမှုလုပ်ဆောင်ရာတွင် ပါ၀င်ပတ်သတ်နှောင့်ယှက်ခြင်းမပြုရန် မေတ္တာရပ်ခံသည်။
စစ်တပ်အာဏာသိမ်းပြီးသည့်နောက် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အများစုမှ စစ်ကောင်စီတပ်၊ ၄င်းတို့၏ လက်အောက်ခံ ရုံးများနှင့် လူပုဂ္ဂိုလ်များကို ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ထိုသို့ တိုက်ခိုက်မှုများတွင် ဖြစ်စဥ်အနီးတ၀ိုက်ရှိပြည်သူများ၏ ၀င်ရောက်ဟန့်တားနှောက်ယှက်မှုများကြောင့် ကာကွယ်ရေးတပ်ဖွဲ့၀င်ရဲဘော်များ ဖမ်းဆီးခံရခြင်းနှင့် သေဆုံးခြင်းများလည်း ရှိနေသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်း ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား ဗုံးဖြင့် လာရောက်တိုက်ခိုက်သည့် UG ရဲဘော်တစ်ဦးကို အနီးရှိ စားသောက်ဆိုင်မှ ၀န်ထမ်းများက လိုက်လံ ဖမ်းဆီးကာ ရိုက်နှက်သတ်ဖြတ်လိုက်သည့် ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့သည်။ mizzima