စစ်တပ်ဝင်သည့် အရာတော်တွင် ၅ ဦး သေ ဆုံး၊ အိမ် ၁၀၀ ခန့် မီးလောင်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ တောင်မွှာရာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၅ ဦး သေဆုံး၊ အိမ်ခြေ ၁၀၀ ခန့် မီးရှို့ခံရသည်ဟု ဒေသခံများက ပြောသည်။

မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ထိုရွာကို ယမန်နေ့ (မေ ၂၃) နံနက်ပိုင်းက ဝင်ရောက်စီးနင်းသည်၊ ယနေ့ နံနက် ၆ နာရီကျော်မှစတင်ပြီး နေအိမ်များကို မီးရှို့သည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံအများစု ရုတ်တရက် ထွက်ပြေးတိမ်းရှောင်နိုင်သော်လည်း ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုအချို့ ရွာထဲတွင် ပိတ်မိကျန် ရစ်နေခြင်းဖြစ်သည်။

အသက် ၈၀ အရွယ် ဒေါ်ခင်စိန်နှင့် အသက် ၆၀ ကျော်အရွယ် ဒေါ်အေးထုပ်တို့ နေအိမ်ထဲတွင် မီးလောင်သေဆုံးသည်၊ ဦးလှဌေးမှာ လက် နက်ကြီးထိမှန်ဒဏ်ရာဖြင့် သေဆုံးသည်၊ ဦးရာညွန့်မှာ စစ်ဘေးရှောင်တိမ်းစဉ် လက်နက်ကြီးသံများကြောင့် နှလုံးရပ်သေဆုံးသည်ဟု ဒေသခံများက ပြောသည်။ ထိုအမျိုးသားများမှာ အသက် ၇၀ ကျော် အရွယ်များ ဖြစ်သည်။

စစ်ဘေးရှောင်စဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် ထိပ်တိုက်တိုးခဲ့သည့် အသက် ၃၀ အရွယ် ကိုမင်းမင်း၏ ရုပ်အလောင်းကို ထန်းလက်နှင့် အုပ်ထား သည်ကို တွေ့ရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ဒေါ်ခင်စိန်က မီးရှို့ခံလိုက်ရတာ၊ သူ့အိမ်မီးလောင်တော့ ထွက်မပြေးနိုင်လို့။ သူက အသက်ကြီးတယ်။ လေဖြတ်ထားတာ။…(ကိုမင်းမင်း) က အိမ်ရှေ့က ထွက်တဲ့အချိန်မှာ ပစ်လိုက်တာ။ သူ့အိမ်ရှေ့မှာတင်ပဲ ထန်းလက်နဲ့ အုပ်ထားခဲ့တာ” ဟု အသက် ၄၀ ကျော်အရွယ် တောင်မွှာရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အိမ်ခြေ ၄၀၀ နီးပါးရှိသည့် ထိုရွာမှ စစ်ကြောင်း ပြန်မထွက်မီ ယနေ့နံနက် (မေ ၂၄ ရက်) က နေအိမ်များကို မီးရှို့သွားခဲ့ရာ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးသည်ဟုလည်း ဒေသခံများက ပြောသည်။

“ကျွဲနွားတိရစ္ဆာန်တွေရော ဘာမှ ရစရာမရှိတော့ဘူး။ အကုန်ပါသွားတာ။ ဘယ်မှ သယ်ချိန်လည်း မရှိဘူး။ ထုတ်ချိန်လည်း မရှိဘူး။ စားစရာ သောက်စရာလည်း မရှိဘူး။ တောပိုင်းဆိုတော့ ထန်းရွက်အိမ်၊ ပျဉ်ထောင်အိမ်လေးတွေပေါ့။ ကိုယ့်ရွာ ကိုယ့်တောဆိုတော့၊ အဲ့ဒီအိမ်တွေ အကုန်ပါတာပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီ လက်နက်ကိုင်တို့က ရွာကို မစီးနင်းမီ တောင်ယာလုပ်ငန်းခွင်ဝင်နေသည့် အမျိုးသားများကို ဝင်ဖမ်းခဲ့သည်ဟု ရွာခံတစ်ဦးထံမှ သိရသည်။

“တောထဲမှာ မြေပဲချနေတဲ့သူတွေကို ဓားစာခံခေါ်ပြီးတော့ ရွာဘက်ကို ချဉ်းကပ်လာတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို အရင်ဝင်တယ်။ ရွာက အကုန်ထွက်ပြေးရတာ” ဟု တောင်မွှားရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ဓားစာခံအရေအတွက်နှင့် ၎င်းတို့၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

တောင်မွှာ အပါအဝင် ဝက်ခဲ၊ ကြွေပုဂံ (မြောက်)၊ ကြွေပုဂံ (တောင်)၊ ရွှေပေါက်ပင် စသည့် အနီးအနား ကျေးရွာများမှ ရာနှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်တပ်ဝင်ပြီးနောက် နေအိမ်များ မီးလောင်ခြင်း၊ အရပ်သားများ သေဆုံးခြင်းတို့နှင့် ပတ်သက်ပြီး ယခင်စီးနင်းမှုများကဲ့သို့ပင် စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ အရာတော်မြို့နယ်တွင် ကျေးရွာပေါင်း ၁၅၅ ရွာအနက် ပြည်သူ့ စစ် ခေါ် ပျူစောထီး အားကောင်းရာ ကျေးရွာအချို့မှအပ ၁၂၈ ရွာတွင် နယ်မြေစိုးမိုးထားနိုင်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုထားသည်။

အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြသော လူထုကို သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲသည့် စစ်တပ်ကို နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံနေရာ စစ် ကိုင်းတိုင်းသည် လက်နက်ကိုင်ခုခံမှုတွင် ရှေ့တန်းမှ ပါဝင်နေသည်၊ တိုင်းအတွင်းရှိ အရာတော်၊ ကန့်ဘလူမြို့နယ်တို့မှာ လက်နက်ကိုင်တော်လှန်မှုကြောင့် ထင်ရှားလာသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်လာချိန်တွင် မြို့နယ် ၃၃၀ အနက် ၁၉၈ မြို့နယ်ကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောကြားထားပြီး မြို့နယ်ပေါင်း ၄၀ ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s