တနင်္သာရီ စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေ

မိုးတွင်းကာလ ကျရောက်လာတာကြောင့် တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင် ပြည်သူတွေမှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ မလုံလောက်တဲ့ပြဿနာ ဖြစ်လာနိုင်ပြီး အမိုးအကာ လိုအပ်ချက်တွေ ရှိလာတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံက သိရပါတယ်။
တနင်္သာရီ စစ်ရှောင်ပြည်သူတွေမှာ နေရပ်ကို ပြန်မသွားရဲကြသေးဘဲ လက်ရှိ စစ်ရှောင်တဲ့နေရာတွေမှာ အချိန်အတော်ကြာ နေထိုင်ဖို့ ရှိနေတဲ့အတွက် စားနပ်ရိက္ခာတွေက ပိုလိုအပ်လာတယ်လို့ တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“စစ်ရှောင်တွေ နေရပ်ပြန်ဝင်မရဲကြတာက စစ်တပ်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်နေလို့ပါ။ လယ်သစ်ကျေးရွာတို့မှာရော မော်တုန်းရွာဘက်ကိုရော လက်နက်ကြီးနဲ့ လှမ်းပစ်နေတာပါ။ ပြီးတော့ ကားလမ်းမပေါ်က ရွာတွေမှာလည်း စစ်တပ်က အထိုင်ချထားတော့ ရွာတွေထဲကို ပြန်မဝင်ရဲကြတာပါ။”
ဒါ့အပြင် မိုးတွင်းကာလ ကျရောက်လာတဲ့အတွက် တောတွင်း နေရာတချို့နဲ့ ဥယျာဉ်ခြံတွေမှာ ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်တွေအတွက် နေထိုင်မှုလုံခြုံစေဖို့ အမိုးအကာ လိုအပ်ချက်တွေ ရှိနေကြတယ်လို့လည်း ပြောပါတယ်။
“မိုးရာသီဖြစ်တော့ တာလပတ်အမိုးတို့ လိုအပ်ပါတယ်။ ဒီဘက်မှာက တောထန်းဖက်တို့ များတယ်ဆိုတော့ ဒါတွေခုတ်ပြီးတော့ အမိုးအကာ လုပ်ထားပါတယ်။ လက်ရှိ ဘာမှမပါဘဲ ထွက်ပြေးလာရတဲ့သူတွေ အတွက်တော့ အမိုးအကာတွေ လိုအပ်နေပါတယ်။”
တနင်္သာရီစစ်ရှောင်တွေမှာ မိုးတွင်းကာလဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိတဲ့အတွက် ရိက္ခာပို့ဆောင်ဖို့ အခက်အခဲရှိနိုင်ပြီး ကျေးရွာဒေသ လမ်းမတချို့မှာ စစ်ကောင်စီတပ်က အထိုင်ချနေတာမျိုး ရှိနေတာကြောင့် ရိက္ခာသယ်ယူဖို့ အခက်အခဲ ရှိလာတယ်လို့လည်း သိရပါတယ်။
လက်ရှိ နေရပ်ဒေသကို မပြန်ရဲကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ဦးရေမှာ ခန့်မှန်းချက်အရ ၄,ဝဝဝ လောက် ရှိနေတယ်လို့ ပြောပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေကြရကာ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်အများဆုံး ဒေသတွေလည်း ဖြစ်ပါတယ်။ DVB