တနင်္သာရီ ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲက ဘန်းလမွတ်ကျေးရွာမှာ ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၂ ရက် ည ၇ နာရီလောက်မှာ တနင်္သာရီအခြေစိုက် ၅၅၇ တပ်၊ ၃ဝ၆ တပ်နဲ့ စရဖတို့ ပူးပေါင်းကာ ဘန်းလမွတ်ကျေးရွာက နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
တနေ့တည်းမှာပဲ ဘန်းလမွတ်ကျေးရွာသားတွေအပြင် ပနပ်ငယ်ကျေးရွာက ဒေသခံ တချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင် သွားပြီး ၅၅၇ တပ်ရင်းမှာ ရိုက်နှက်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘန်းလမွတ်မှာ ၉ ဦးအထိ ဖမ်းသွားတယ်။ တော်လှန်သမားတွေ ခိုလှုံနိုင်တဲ့ အိမ်အမှတ်နဲ့ စွပ်စွဲပြီး ဖမ်းသွားတာပါ။ လက်ရှိ ၅၅၇ တပ်ထဲမှာ စစ်ဆေးနေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မေ ၂ဝ ရက်ကလည်း တနင်္သာရီမြို့နယ် ရေဖြူကျေးရွာမှာ ဒေသခံပြည်သူ ၁ဝ ဦးကို စစ်ကောင်စီတပ်သား ၂ဝ ကျော်လောက်ကနေ PDF နဲ့ ဆက်သွယ်မှုရှိတယ်လို့ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်မှာ PDF နဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးနှိပ်စက်ခံနေရတဲ့ ဒေသခံပြည်သူတွေ အများအပြား ရှိလာတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံနေရသူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ အမျိုးသမီးအများစု အပါအဝင် သက်ကြီး ရွယ်အိုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ DVB