ဒေါပုံခရိုင်ဥပဒေရုံးရှေ့တွင် လက်လုပ်ဗုံး ၂ လုံးတွေ့

ရန်ကုန်၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ မင်းနန္ဒာလမ်းရှိ ခရိုင်ဥပဒေရုံးရှေ့မှာ မေ ၂၄ ရက် ဒီနေ့မနက် ၈ နာရီခွဲက ဖရဲသီးထဲထည့်ထားတဲ့ လက်လုပ်ဗုံးနှစ်လုံး တွေ့ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ခရိုင်ဥပဒေရုံးရှေ့မှာ PVC ပိုက်နဲ့ ဖရဲသီးတလုံးကို တရားရုံးကို လာရောက်သူတွေက တွေ့ပြီး စစ်ကောင်စီတပ်ကို အကြောင်းကြားခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ရုံးဘေးမှာ ဖရဲသီးထဲ PVC ပိုက်နဲ့လုပ်ထားတဲ့ လက်လုပ်ဗုံးတလုံးရယ် ရုံးနဲ့ မလှမ်းမကမ်းမှာ လက်လုပ်ဗုံးတလုံးရယ် တွေ့တာ၊ စစ်တပ်ကပဲ ယူသွားတယ်။”
မပေါက်သေးတဲ့ လက်လုပ်ဗုံးနှစ်လုံးကို တွေ့ရှိပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ခရိုင်ဥပဒေရုံးနဲ့ မင်းနန္ဒာလမ်းတဝိုက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မေ ၁၉ ရက်ကလည်း အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက် လေတပ်အရာရှိရိပ်သာ ရှေ့မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးလေးလုံးကို တွေ့ရှိခဲ့ပါတယ်။
အလားတူ မေ ၁၅ ရက်နဲ့ ၁၆ ရက်မှာလည်း စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်နဲ့ ရွှေပေါက်ကံ ၂၁ ရပ်ကွက်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးရှစ်လုံးကို တွေ့ရှိပြီး စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ DVB