မုန်တိုင်းဘေးကူညီပေးနေစဉ် ဖမ်းဆီးခံရသည့် စာရေးဆရာ ဝေဟင်အောင်နှင့် အဖွဲ့ လွတ် မြောက်

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင် အပါအဝင် ပရဟိတသမား ၅ ယောက်ကို မေ ၂၃ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဒီနေ့ မေ ၂၄ ရက် မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်းအ ဝိုင်းကနေ သိရပါတယ်။
ဝေဟင်အောင်နဲ့အဖွဲ့ဟာ ရွာလုံးကျွတ် မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာကို သောက်ရေသန့်၊ ကော်ဖီ၊ အာလူးနဲ့ စားနပ်ရိက္ခာတွေ သွားလှူတာဖြစ်ပြီး ဆားငံရေဝင်သွားတဲ့ သောက်သုံးရေကန်တွေကို ရေစုပ်စက်တွေနဲ့ သန့်ရှင်းရေးလုပ်ဖို့ သွားတဲ့အချိန် မေ ၂၃ ရက် ညနေ ၃ နာရီလောက်က စစ်တွေမြို့နယ် အမြင့်ကျွန်း ဘုန်းကြီးကျောင်းနားမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဝေဟင်အောင်နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဝေဟင်အောင်နဲ့ သမီးဖြစ်သူ အပါအဝင် ၅ ယောက်ကို စရဖရုံးမှာ စစ်ဆေးခဲ့တယ်လို့ စုံစမ်းသိရပြီး ဒီနေ့ မေ ၂၄ ရက် မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်ခဲ့တာလို့ ဆိုပါတယ်။
ဝေဟင်အောင်ရဲ့ သမီးဖြစ်သူ ၁၂ တန်းကျောင်းသူနဲ့ တပည့်ဖြစ်သူကိုတော့ ဒီနေ့ မေ ၂၄ ရက် မနက် ၇ နာရီလောက်မှာ လွှတ်ပေးခဲ့ပြီး ဝေဟင်အောင်နဲ့ ရန်ကုန်က ဘိုစိန်ပရဟိတအဖွဲ့က အဖွဲ့ဝင် ၂ ယောက်ကိုတော့ မနက် ၁၀ နာရီခွဲလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို အကူအညီပေးမယ့် အဖွဲ့တွေကို စစ်ကောင်စီက တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေလို့ ကျေးလက်ဒေသတွေကို ကူညီကယ်ဆယ်ရေးတွေ အချိန်မီ မရောက်လာတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲ ဒုက္ခမျိုးစုံနဲ့ ရင် ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ DVB