မဲဇလီကုန်းမြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် ယမန်နေ့ မေလ ၂၃ ရက်ညနေက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်ထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။
မဲဇလီကုန်းမြို့၊ အမှတ်(၃)ရပ်ကွက် (အုန်းကုန်းရပ်ကွက်) အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသည် မေလ၂၃ရက်ညနေ၆ နာရီ ၃၀ မိနစ်ခန့်က ၎င်း၏ လယ်ထဲသို့ သွားစဥ် ဓားထိုးခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
” သူကအုပ်ကြီး(အုပ်ချုပ်ရေးမှူး) အသစ်ပါ။အုပ်ကြီးဖြစ်တာလပိုင်းပဲရှိသေးတယ်။ မနေ့ကညပိုင်း လယ်ထဲသွားတဲ့အချိန် စကေဘာနဲ့အထိုးခံရပြီး ပွဲချင်းပြီးသေတယ်လို့သိရတယ်။ ဓားနဲ့ထိုးခံရတာဆိုတော့ PDF လက်ချက်တော့မဖြစ်နိုင်ဘူး”ဟု မဲဇလီကုန်းမြို့ခံတစ်ဦးကပြောသည်။
ဦးကျော်ဝင်းသည် စစ်ကောင်စီသတင်းပေးလုပ်နေသူဖြစ်ပြီး ယခုဖြစ်ရပ်မှာ ပုဂ္ဂိုလ်ရေးအရ သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က မှတ်ချက်ပြုသည်။
ဦးကျော်ဝင်း၏ ရုပ်အလောင်းအား ဒေသခံများက ည ၇ နာရီခန့်တွင် လယ်ကွင်းထဲ၌ တွေ့ရှိခဲ့ပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။သို့သော် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ယင်းနေ့ညတွင် လာရောက်စစ်ဆေးခြင်းမရှိခဲ့ဘဲ ယနေ့ မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်မှသာ အင်အားခြောက်ဦးပါ စစ်ကောင်စီတပ်ကားတစ်စီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်သွားကြောင်း ဒေသခံများကပြောသည်။
” အမှုဖြစ်လည်း ရဲတွေက မလာရဲတော့ဘူး။ သူတို့အတွက် ဒေသခံတွေက လုံခြုံရေးပြန်ယူပေးမှ လာရဲတာ”ဟု မဲဇလီကုန်းမြို့ခံတစ်ဦးကပြောသည်။
ဦးကျော်ဝင်း သတ်ဖြတ်ခံရမှုနှင့် ပတ်သတ်၍ အင်္ဂပူမြို့ နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့အားဆက်သွယ်မေးမြန်းရာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း မဇ္စျိမကိုပြောသည်။ mizzima