ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းအပြီး ၁၀ ရက်ကြာသည်အထိ ကုန်ဈေးနှုန်းများ မြင့်တက်နေ

ရခိုင်ပြည်နယ်တွင် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်အပြီး ၁၀ ရက်ကြာသည် အထိ ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ကုန်ဈေးနှုန်းက ပြန်မကျဘူးဗျ။ အခုထိ မုန်တိုင်းဈေးပဲရှိသေးတယ်။ ထိန်းချုပ်တာကလည်း သိပ်ပြီး တော့ ထိထိရောက် မထိန်းချုပ်နိုင်သေးဘူး။ အရေးယူမှုအပိုင်း တော်တော်အားနည်းနေသေးတယ်” ဟု မြောက်ဦးဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ဒေသဆိုင်ရာအာဏာပိုင်များမှ စီပွားရေးသမားများကို ဈေးတင်ရောင်းခြင်းမပြုလုပ်ကြရန် သတိပေးနေ သော်လည်း အရေးယူခြင်းမရှိသေးသည့်အတွက် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့် တက်နေခြင်းဖြစ်သည်ဟုဆိုသည်။

“အာဏာပိုင်တွေက ပြောတာတော့ပြောပါတယ်။ ဒီဘက်က စီးပွားရေးသမားတွေက တင်တာကတင်နေ တာပဲ။ ရာသီကလည်း မိုးကကျတော့မယ်။ နေစရာမရှိ အိပ်စရာမရှိဆိုတော့ ပြည်သူတွေက မဖြစ်မနေ ဝယ်ရတာပဲ ” ဟု ရသေ့တောင်မှ ဒေသခံတစ်ဦးကပြောသည်။

မိသားစုတစ်နပ်စာ စားလောက်သည့် ကန်စွန်းရွက် ၄၀ ကျပ်သား (ဒေသအခေါ် တစ်ပိုက်) သည် ၂,၀၀၀ ကျပ် ထိပေါက်ဈေးရှိနေပြီး ယခင် ၂,၀၀၀ ကျပ် ဝန်းကျင်ရှိသည့် စားသုံးဆီတစ်လီတာသည် ယခု ၆,၀၀၀ ကျပ်မှ ၇,၀၀၀ ကျပ်အထိ ဈေးတက်နေကြောင်း ဒေသခံများက ပြောသည်။

မုန်တိုင်းမကျမီက ၅၀,၀၀၀ ကျပ် ကျော်တန်ကြေးရှိသည့် ၂၅ ပြည်ဝင်ဆန်တစ်အိတ်သည် ယခုအခါ ကျပ် ၁၅၀,၀၀၀ အထိ ပေးဝယ်နေရကြောင်း သိရသည်။

အလားတူ သွပ်မိုးသည့် သံမှိုသည် မုန်တိုင်းမကျမီက တစ်ပိဿာ ၇,၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ပြီး မုန်တိုင်း ပြီးနောက် တစ်ပိဿာ ၅၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး အာဏာပိုင်များမှ သတိပေးတားမြစ်မှု ကြောင့် လက်ရှိတွင် ၁၈,၀၀၀ ကျပ်ပေါက်ဈေးရှိသဖြင့် မူရင်းဈေးထက် ဈေးနှစ်ဆကျော် မြင့်တက်နေဆဲ ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ထို့ပြင် လတ်တလော နေထိုင်ရန်အတွက် အဆောက်အဦးနှင့် နေအိမ်များ ပြန်လည်ပြုပြင်တည်ဆောက် ရန် အထူးလိုအပ်လျက်သော အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သွပ်၊ တာလပတ်စ၊ သစ်၊ ဝါးတို့မှာလည်း မူရင်းဈေးထက် နှစ်ဆကျော်၊ သုံးဆခန့်အထိ ဈေးမြင့်တက်လျက်ရှိနေရာ အချို့ နေရာများတွင် ပစ္စည်းပင် ပြတ်လပ်နေကြောင်း သိရသည်။

“တာလပတ်လည်း တစ်သိန်းကျော်တယ်။ အခုကတော့ ဆိုင်တွေမှာသိပ်မရှိတော့ဘူး။ ဝယ်လို့လည်းမရ တော့ဘူး။ ဆိုင်တွေကလည်း ကုန်သွားတော့ ပိတ်ထားတယ်။ အိမ်မပြင်ရသေးတဲ့သူတွေ အများကြီးပဲ။ သွပ်တွေ၊ သံတွေက လောက်မှ မလောက်တာ။ ဒါတောင်မိုးမရွာသေးလို့ တော်သေးတယ်။ ကျနော်တို့ဆို ရင် အခုထိတောင် အမိုး မမိုးရသေးဘူး” ဟု ပုဏ္ဏားကျွန်းမှ ဒေသခံတစ်ဦးက ပြောသည်။

နေအိမ်များပြုပြင်ရန် လက်သမားနှင့် နေ့စားအလုပ်သမားခမှာလည်း ဈေးနှုန်းမြင့်တက်နေပြီး ယခင် နေ့ စားခ ၈,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်ကြားရှိသူများကို ရသေ့တောင်တွင် တစ်ရက်လျှင် ၂,၅၀၀၀ ၊ ၃,၀၀၀၀ အထိပေးရပြီး ပုဏ္ဏားကျွန်းတွင် နှစ်ယောက်သုံးယောက်ပါသည့် လက် သမားအုပ်စုတစ်စုကို ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ပေးရကြောင်း ဆိုသည်။

“ဒီမှာက လက်သမားဈေးတွေကလည်း တအားကိုဈေးကြီးတယ်။ သွပ်မိုးမယ့်သူတွေကိုငှားရင် တအား ဈေးကြီးတာ။ သွပ်တစ်ချပ်မိုးရင် ၅,၀၀၀၊ ၆,၀၀၀ တောင်းတယ်။ တစ်ရက်ဆို ၁၅၀,၀၀၀၊ ၂၀၀,၀၀၀ အထိ တောင်းတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ယခင်က ၃၀,၀၀၀ ကျပ် ဝန်းကျင်ခန့်ရှိသည့် ၁၈ ပေပတ်လည် တာလပတ်စသည် ယခုအခါ ၁၅၀,၀၀၀ မှ ၁၈၀,၀၀၀ အထိပေါက်ဈေးရှိပြီး အိမ်တစ်အိမ်မိုးရန် ၁၈ ပေပတ်လည် တာလ ပတ်စ အနည်းဆုံးသုံးချပ်လိုအပ်ကြောင်း သိရသည်။

ထို့ပြင် မိုးထားသော တာလပတ်စကိုအုပ်သည့် သစ်နှင့် ဝါးများမှာလည်း ယခင်က ဝါး အလုံး ၁၀၀ ကို ၃၀,၀၀၀ ကျော်သာရှိသော်လည်း ယခု ၇၀,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

ရက္ခိုင့်တပ်တော်(AA)က ဈေးအဆမတန်တင်ရောင်းသည့် အရောင်းဆိုင်များကို ခေါ်ယူသတိပေးမှု ကြောင့် အနည်းငယ်ဈေးပြန်ကျခဲ့သော် လည်း လက်ရှိအချိန်အထိ ယခင်ပုံမှန်ဈေးသို့ ပြန်မရောက်သေး ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s