Monthly Archives: May 2023

အေတီအမ်စက်များတွင် ပိုက်ဆံအလွယ်တကူ ထုတ်မရသေး

ကမ္ဘောဇဘဏ် ATM စက်တွေမှာ မေ ၂၃ ရက်ကစလို့ တရက်ကို ငွေကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်ပြီလို့ ကြေညာထားပါတယ်။ 

ကမ္ဘောဇဘဏ်အနေနဲ့ အရင်က ATM စက်တွေမှာ တပတ်ကို ငွေကျပ် ၃ သိန်း ထုတ်ယူခွင့် ပြုထားခဲ့ရာကနေ မေ ၂၃ ရက်ကစလို့ တရက်ကို အများဆုံး ငွေကျပ် ၁၀ သိန်း၊ တပတ်ကို အများဆုံး ကျပ်သိန်း ၂၀ အထိ ထုတ်ယူခွင့် ပေးလိုက်တာပါ။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘဏ်တွေနဲ့ အေတီအမ်စက်တွေမှာ ငွေကြေး အကန့်အသတ်နဲ့သာ ထုတ်ခွင့်ရှိခဲ့ပြီး လက်ရှိအချိန်ထိလည်း အေတီအမ်စက်တွေမှာ ငွေအလုံအလောက် မရှိတာ၊ လျှပ်စစ်မီးမမှန်တာနဲ့ အင်တာနက်လိုင်း မကောင်းတာတွေကြောင့် ပိုက်ဆံကို လွယ်လွယ်ကူကူ ထုတ်လို့မရဘူးလို့ အေတီအမ် အသုံးပြုသူတွေက ပြောပါတယ်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာ နေထိုင်သူတယောက်က “အခုက အေတီအမ်တိုင်းမှာ သွားထုတ်လိုက်ရင် လိုင်းကျတာတွေ၊ ပိုက်ဆံမရှိတာတွေက ထုံးစံလိုဖြစ်နေပြီ။ ဘဏ်နားမှာ ကပ်ရက်ဖွင့်ထားတဲ့ အေတီအမ်တွေတောင် ပိုက်ဆံမရှိတာ တော်တော်ကြာနေပါပြီ။ စီဘီ အေတီအမ်မှာတော့ တခါထုတ်ရင် တရက် ၅ သိန်း ထုတ်လို့ရတယ်။ လူတွေ တော်တော်များများက အေတီအမ်ကို သုံးချင်တယ်။ အေတီအမ်က ဘဏ်ထက်ကိုလွယ်တယ်။ ဘဏ်ထိသွားစရာ မလိုဘူး။ ဘဏ်သွားရင် စောင့်ရတဲ့အချိန် ရှိတယ်။ သွားရတဲ့အချိန်ရှိတယ်။ အေတီအမ်မှာ လွယ်လင့်တကူ ထုတ်ချင်ကြတာ။ ဒါပေမဲ့ အခုနောက်ပိုင်း အေတီအမ်တွေက ငွေမဖြည့်ဘူး။ ငွေကုန်နေတာ၊ လိုင်းကျနေတာ ဒီလို ပြဿနာမျိုးစုံတက်နေတော့ လူတွေ နောက်ပိုင်း အေတီအမ်ကိုသုံးတာ နည်းသွားတယ်။ အချိန်တခုပေးပြီး ဘဏ်မှာ ပိုက်ဆံထုတ်ရတဲ့ အနေအထား ဖြစ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘောဇဘဏ် အသုံးပြုသူတွေအနေနဲ့ ငွေသားထုတ်ယူရာမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရှမ်း ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ သတ်မှတ်ထားတဲ့ KBZ ATM စက်တွေမှာသာ ထုတ်ယူခွင့်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အေတီအမ်စက်တွေမှာ ပိုက်ဆံ အလွယ်တကူထုတ်လို့ မရတာကြောင့် ကတ်နဲ့ ပိုက်ဆံရှင်းလို့မရတဲ့ နေရာတွေမှာ သုံးဖို့ တကူးတက ငွေသားထုတ်ရတဲ့ အခြေအနေရှိတယ်လို့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် နေထိုင်သူတယောက်က ပြောပါတယ်။

“အခက်အခဲကကျတော့ အရင်လို အေတီအမ်စက်မြင်တိုင်း အလွယ်တကူ ငွေထုတ်လို့မရဘူး။ တခါတလေ ငွေစစ်ချင်ရင်တောင် လိုင်းကျနေတာမျိုး၊ မီးပြတ်နေတာမျိုးဆို ထုတ်မရတာမျိုး ဖြစ်တယ်။ အခုနောက်ပိုင်းက ပိတ်ရက်တွေဆို ဘဏ်ပိတ်ရက်တွေမှာထုတ်ရင် မီးမလာရင် အေတီအမ်စက်တွေမှာ ထုတ်မရတာမျိုး ဖြစ်တယ်။ ကတ်နဲ့ရှင်းလို့မရတဲ့ နေရာတွေ သွားမယ်ဆို တကူးတကနဲ့ သတိထားပြီးတော့ ပိုက်ဆံကို ထုတ်ထားရတာပေါ့။ cash ရအောင် လဲထားရတာပေါ့။ မဟုတ်ရင် ငါ ဒီနားနီးတဲ့နေရာမှာ ထုတ်လိုက်မယ်လို့ အရင်လို တွေးလို့မရဘူး။ ပိုခက် ခဲလာတာပေါ့။ ၁၀ သိန်းထိကတော့ ကျမသိသလောက် ရိုးမ ထုတ်လို့ရတယ်။ KBZ ထုတ်လို့ရတယ်။”

မြို့ကြီးမဟုတ်တဲ့ နယ်မြို့တွေမှာတော့ အေတီအမ်စက်တွေရှိပေမဲ့ ပိုက်ဆံမဖြည့်တာကြောင့် အေတီအမ်စက်တွေမှာ ငွေလုံးဝထုတ်လို့မရဘဲ ဘဏ်တွေမှာသာ အချိန်ကြာကြာ အကန့်အသတ်နဲ့ ထုတ်ယူနေရတယ်လို့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ခံတယောက်က ပြောပါတယ်။

“ကျနော်တို့ ပုသိမ်တမြို့လုံးမှာ အေတီအမ်စက်မှာ ပိုက်ဆံထုတ်လို့ရတဲ့နေရာ တခုတောင် မရှိဘူး။ ကေဘီဇက်ဘဏ်တွေရှိတယ်။ ၃၊ ၄ ခုရှိတယ်။ ဘယ်ဘဏ်ပဲဖြစ်ဖြစ် နောက်ဆုံး အနော်ရထာလမ်းမကြီးပေါ်က ကေဘီဇက်ဘဏ်ဆို အကြီးဆုံးပေါ့။ အဲ့ဘဏ်ရှေ့က အေတီအမ် စက်တွေကလည်း ထုတ်လို့မရဘူး။ ဘယ်အေတီအမ်စက်မှ ပိုက်ဆံထည့်မထားဘူး။ အဲ့သဘောပေါ့။ ထုတ်ချင်ရင် ဘဏ်မှာထုတ်။ ဘဏ်မှာ ပိုက် ဆံသွားထုတ်ရင်လည်း အကန့်အသတ်တွေနဲ့ပေါ့။”

စစ်တပ် အာဏာသိမ်းပြီးကတည်းက ဘဏ်တွေမှာ အပ်ထားတဲ့ငွေတွေ အလွယ်တကူ ထုတ်ခွင့်မရှိတာကြောင့် ဘဏ်စနစ်အပေါ် လူတွေ အယုံအကြည်နည်းပြီး ဘဏ်မှာ စုငွေအပ်ဖို့ထက် မိမိတို့အပ်ထားတဲ့ငွေတွေကို ငွေသားပြန်ထုတ်ဖို့ပဲ အများစု ကြိုးပမ်းကြတယ်လို့ စုငွေအပ် ထား သူတွေက ပြောပါတယ်။

ဘဏ်တွေနဲ့ အေတီအမ်စက်တွေမှာ ငွေအလွယ်တကူထုတ်လို့ မရတာကြောင့် ပြင်ပမှာ ငွေသားလဲလှယ်တဲ့ ဈေးကွက်လည်း ရှိနေပြီး ဘဏ်အချင်းချင်းကနေ ငွေလွှဲငွေချေတာ၊ ငွေသားထုတ်ယူတာ၊ မိုဘိုင်းဘဏ်ကတဆင့် အပြင်မှာ ငွေသားပြန်ယူတာမျိုးဆိုရင် အနည်းဆုံး ၃ ရာခိုင် နှုန်းကနေ အများဆုံး ၁၀ ရာခိုင်နှုန်းအထိ ကော်မရှင်ခပေး လဲလှယ်ရတာတွေ ရှိနေပါတယ်။ DVB

ထားဝယ်တွင် ကိုဗစ်ကူးစက်ခံထားရသည့် အမျိုးသား ၁ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိထားတဲ့ သက်ကြီးပိုင်း အမျိုးသားတဦး မေ ၂၄ ရက် မနက်မှာ ကွယ်လွန်သွားတယ်လို့ နာရေးကူညီ-ထားဝယ်ထံက သိရပါတယ်။

သေဆုံးသူဟာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကနေ ထားဝယ်ဆေးရုံကြီးမှာ လာရာက်ကုသနေတဲ့ အသက် ၇၇ နှစ်အရွယ် သက်ကြီးပိုင်း အမျိုးသားတဦး ဖြစ်ပါတယ်။

အဆိုပါ သေဆုံးသူရဲ့ ဈာပနကို မေ ၂၅ ရက် နေ့လယ် ၂ နာရီက ဇဟာသုသာန်မှာ နာရေးကူညီမှု ထားဝယ်က ဆောင်ရွက်ပေးခဲ့ပါတယ်။

အခုသေဆုံးသူဟာ တကျော့ပြန် ကိုဗစ်ကူးစက်မှုဖြစ်ပြီး ထားဝယ်မြို့မှာ ဒုတိယမြောက် သေဆုံးသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ထားဝယ်ဆေးရုံကြီးမှာ ကုသနေတဲ့ အသက် ၅၀ ကျော်အရွယ် ကိုဗစ်အတည်ပြုလက္ခဏာ စစ်ဆေးတွေ့ရှိထားတဲ့ အမျိုးသမီးတဦး ကွယ်လွန်ခဲ့ပါတယ်။

အဲဒီသေဆုံးသူ ၂ ဦးဟာ ကိုဗစ်ကူးစက်ခံထားရပေမဲ့ ကိုဗစ်ကြောင့် သေဆုံးတာမဟုတ်ဘဲ တခြားရောဂါကြောင့် သေဆုံးတယ်လို့ ထားဝယ်မြို့နယ် ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မေ ၂၄ ရက် ညနေ ၄ နာရီအထိ တနင်္သာရီတိုင်းရဲ့ ကိုဗစ်လူနာ အခြေအနေ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူအမျိုးသားရဲ့စာရင်းကို ထည့် သွင်း ဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။

တနင်္သာရီတိုင်း မြို့နယ် ၁၀ ခုက ၇၆ ဦးကို မေ ၂၄ ရက်က စစ်ဆေးရာ ကိုဗစ်အတည်ပြု မတွေ့ရှိဘဲ ဆေးရုံဆင်းသူ ၅ ဦးရှိကြောင်း စစ်ကောင် စီလက်အောက်ခံ တနင်္သာရီတိုင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ DVB

စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃,၅၇၆ ဦးထိ မြင့်တက်လာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၅၇၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၇၁၅ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၈,၃၉၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၀၉၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၄ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၃၁၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက် မနက်ပိုင်းက မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျည်းစုကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် ထွက်မပြေးနိုင်ဘဲ ကျေးရွာထဲမှာ ကျန်ရှိနေတဲ့ ‌လေဖြတ်ထားသူ ကိုခင်မောင်ဌေးနဲ့ အသက် ၆၀ အရွယ် ဒေါ်အေးကြိုင်တို့ မီး လောင်သေဆုံးခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် မေ ၂၃ ရက် နေ့လယ်ပိုင်းကလည်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ လူဝင်မှုကြီးကြပ်ရေးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာတော့  အရပ်သားတွေ ဖြစ်ကြတဲ့ မြို့ပေါ် (က) ရပ်ကွက်က မသက်သက်အေးနဲ့ သူ့ရဲ့အမျိုးသားဖြစ်သူ ကိုမြတ်သူ၊ ကိုလှိုင်နေဦးနဲ့ (ခ) ရပ်ကွက်က မဆွေဇင်ထက်တို့ကို သူတို့ရဲ့နေအိမ်တွေမှာ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သူတို့ ၄ ယောက်ကို လောင်းလုံးမြို့မ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

ရေဖြူမြို့တွင် စစ်တပ်အရာရှိ လိုက်ပါလာသည့်ကား မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံး၊ မြိတ်မြို့တွင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အမှတ် ၃၀၄ အမြောက်တပ်က ဗိုလ်မှူးအဆင့် အရာရှိတဦး အပါအဝင် ၃ ဦး လိုက်ပါလာတဲ့ ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဉ်ကို ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်း ကျောက်ကညှာရွာအနီးမှာ မေ ၂၃ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေဖြူ ပကဖ ဝေဟင်တပ်ဖွဲ့က မေ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ဟိုက်ဂျက်ကား ပျက်စီးသွားပြီး တဦးပွဲချင်းပြီးသေဆုံးကာ ဗိုလ်မှူးအဆင့်ရှိသူနဲ့ တခြားတဦးကို အရေးပေါ်ကားနဲ့ စစ် တပ်ဆေးရုံကို သယ်ဆောင်သွားပြီး မေ ၂၄ ရက်မှာ ဒဏ်ရာရနေတဲ့ အရာရှိလည်း သေဆုံးသွားပြီလို့ ဝေဟင်တပ်ဖွဲ့က အတည်ပြုပါတယ်။

မေ ၂၄ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ကားတွေနဲ့ ကျောက်ကညှာရွာကို ရောက်လာပြီး စာရင်းစာရွက်နဲ့ တိုက်စစ်ဆေးကာ နေအိမ်တချို့က ရွာသား ၂၀ ကျော်ကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တချို့ ပြန်လွတ်လာကြပြီ။ တော်တော်များများက အမြောက်တပ်ထဲမှာ စစ်ဆေးခံနေရတုန်း” လို့ ရေဖြူမြို့ခံတဦးက ပြောပါတယ်။

ဝေဟင်တပ်ဖွဲ့ကတော့ အခုတိုက်ခိုက်မှုဟာ ရွာသားတွေနဲ့ မသက်ဆိုင်ဘဲ သူတို့ရဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း ဘုရားမဲစစ်ကောင်စီဂိတ် တိုက်ခိုက်မှုနဲ့အတူ ရေး-ထားဝယ် ကားလမ်းပေါ်မှာ ရေဖြူအခြေစိုက် ခမရ ၄၀၆ က တပ်ရင်းမှူး လိုက်ပါလာတဲ့ကားကို ဝေဟင်တပ်ဖွဲ့ အပါအဝင် မဟာမိတ်တွေက တိုက်ခိုက်ခဲ့တာကြောင့် တပ်ရင်းမှူး သေဆုံးခဲ့ပါတယ်။

အခုလို ရေး-ထားဝယ် ကားလမ်းပေါ်မှာ မကြာခဏ စစ်ကောင်စီတပ်ယာဉ်တန်းနဲ့ ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံနေရတာကြောင့် မေလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က ယာဉ်တန်းတွေမှာ အရပ်သားကားတွေကို ကြားညှပ်ချောဆွဲ ခေါ်ဆောင်တာကို လုပ်ဆောင်လာနေပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ပပြင်ကျေးရွာက စစ်ကောင်စီပိုင် မိုင်တဲတာဝါတိုင် ၁ တိုင်ကို ပထမဆုံးအကြိမ် မိုင်းဖောက်ခွဲခဲ့တယ်လို့ တောကြီး မြွေဟောက်အဖွဲ့ (King Cobra) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက် မနက် ၅ နာရီလောက်မှာ မိုင်တဲတာဝါတိုင်ကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံပြည်သူတဦးက “ဒီ မိုင်တဲတာဝါတိုင် မိုင်းဖောက်ခွဲခံရပြီးတော့ စစ်တပ်က လာစစ်ဆေးသွားတယ်လို့ ပြောတယ်။ တာဝါတိုင်ကတော့ မိုင်းဖောက်ခွဲတော့ ပျက်စီးသွားပြီ။ ခုတော့ မိုင်တဲလိုင်းအဆက်အသွယ် လုပ်မရတော့ဘူး။ တခြားဖုန်းလိုင်းတွေတော့ သုံးလို့ရတာပေါ့” လို့ ပြောပါတယ်။

ပပြင်ကျေးရွာနဲ့ အနီးအနား ကျေးရွာတွေမှာ မိုင်တဲဖုန်းလိုင်းအပြင် တခြားဖုန်းလိုင်းတွေပါ ရရှိပေမဲ့လည်း အဆိုပါ မိုင်တဲတာဝါတိုင်တခုသာ ဖုန်းလိုင်းကောင်းမွန်တယ်လို့ သိရပါတယ်။

ပပြင်ကျေးရွာ အနီးအနားတဝိုက်မှာ ဘုတ်ခြံကျေးရွာက စစ်ကောင်စီတပ် ခလရ ၁၇ တပ်ရင်းနဲ့ ပနိုကျေးရွာ အမြောက်တပ် ၅ဝ၁ တို့အပြင် တခြားကျေးရွာတပ်ရင်းတွေ တချို့လည်း ရှိသေးတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီရဲ့ မိုင်တဲတာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရတာက မြိတ်မြို့နယ်မှာတော့ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်စဥ် အချိန်တုန်းကတော့ တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တို့မှာ တာဝါတိုင်တချို့ မိုင်းဖောက်ခွဲခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ DVB

မိုးကောင်းမြို့တွင် စစ်ကောင်စီကင်းစခန်း ပစ် ခတ်ခံရ၊ ကနီမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ မေ ၂၃ ရက် ညနေက စစ်ကောင်စီ ကင်းစခန်းတခု အပစ်ခံရပြီး တပ်သား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကောင်းမြို့ ဝေပုလတောင်ခြေမှာ တပ်စွဲထားတဲ့ ကင်းစခန်းတခုကို အမည်မသိလူငယ်နှစ်ဦး ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ဝေပုလတောင်ခြေအနီး နေထိုင်သူတဦးက “ဝေပုလတောင်ခြေမှာ စစ်တပ်က ကင်းစခန်းထိုင်ထားတာ ရှိတယ်။ ညနေ ၅ နာရီလောက်က လူ ငယ်နှစ်ဦး ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ အတွဲလိုက်ပစ်သွားတာ။ ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရတယ်။ စစ်တပ်ဘက်က ပြန်တောင်မပစ်နိုင်ဘူး။ ကောင်လေး နှစ်ယောက်လည်း ပစ်ပြီး အေးဆေးပဲ ဆိုင်ကယ်နဲ့ ထွက်သွားတယ်” လို့ ပြောပါတယ်။

ကင်းစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကျပ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးကောင်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်ကလည်း  မြို့နယ်စည်ပင်ရုံးကို လူငယ်တဦး ပေးခဲ့တဲ့ ကြက်ပေါင်းခေါက်ဆွဲချိုင့်အတွင်းကနေ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို ဇူလိုင် ၁၀ ရက်ကလည်း စည်ပင်သာယာဈေးအနီးမှာ စစ်(-) ရဲ(-) လို့ ရေးထားတဲ့အလံကို ခြေထောက်နဲ့ပြေးကန်တဲ့ နယ်ထိန်းရဲတပ်ကြပ်တယောက် ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူရွာဘက်ကနေ ပြန်လာတဲ့စစ်ကြောင်းကို ဒီနေ့ မေ ၂၅ ရက် မနက် ၇ နာရီကျော်နဲ့ ၉ နာရီကျော်က မိုင်း ၆ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

မိုင်းဆွဲခဲ့တဲ့နေရာဟာ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတောပြင် ရေသောက်ကန်တောတိုက် အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ချင်းတွင်းတိုက်ဂါး LPDF အဖွဲ့ခေါင်းဆောင် ကိုကျော်ကြီးက “ကနီမြို့နယ် ရေလယ်ကျွန်းရွာကနေ မေလ ၂၃ ရက်နေ့ကနေ စထွက်လာတာဗျ။ အဲရွာကနေ သမင်ခြံ၊ မင်းမ၊ သင်ဝင်ရွာ၊ ချောင်းမရွာတွေဖြတ်ပြီး လယ်ရှည်ရွာသစ်မှာ တပ်စွဲနေပြီးတော့ ဒီနေ့ မေလ ၂၅ ရက်နေ့ မနက်ခင်း ၇ နာရီအချိန်က လယ်ရှည်ရွာကနေ ထွက်လာတာကို ကျနော်တို့ မိုင်းဆွဲ စတိုက်ခိုက်တာ။ ကနီမြို့နယ်ဘက်ခြမ်းမှာက ကျနော်တို့ တိုက်မိုင်း ၂ ကွင်းရယ် ရှေထွက်မိုင်း ၃ လုံးရယ် စခွဲတိုက်ခဲ့တယ်။ အဲအကြိမ်ကတော့ စခ ၅ ယောက် အနည်းဆုံးကျတယ်။ အဲ လယ်ရှည်ရွာကနေ ကျနော်တို့ ယင်းမာပင်မြို့နယ်ဘက်ကနေ တပ်ဆုတ်ပြီး ဘန့်ဘွေးရွာ၊ ရေသောက်ကန်အနီးမှာ ပဒေသာမိုင်း ၃ လုံးတွဲ ၄ ကွင်းထပ်ထောင်ပြီး စောင့်နေတယ်။ သူတို့ထပ်တက်လာတဲ့အချိန် ထပ်ခွဲလိုက်တယ်။ အဲအကြိမ်ကတော့ (–)အသေအပျောက် များလိမ့်မယ်။ အတိအကျတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပဲဗျ။ ကျနော်တို့ ကနီမြို့နယ် လယ်ရှည်ရွာတိုက်ပွဲက ‌ကျနော်တို့ မဟာမိတ် ကိုဆံရှည်အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဗျ။ ယင်းမာပင်မြို့နယ်ဘက်ကျတော့ ကျနော်တို့ ချင်းတွင်းတိုက်ဂါး LPDF တဖွဲ့တည်းပါ” လို့ ပြောပါတယ်။

အခု ကနီမြို့နယ်အတွင်းကနေ ပြန်လာတဲ့ စစ်ကြောင်းဟာ အခုလို မိုင်းဆွဲခံရပြီး မနက် ၁၀ နာရီလောက်မှာ ဘန့်ဘွေးပျူရွာအတွင်း ပြန်ဝင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းအတွင်း လမ်းပြအဖြစ် အဖမ်းခံရတဲ့ ဒေသခံရွာသားတွေလည်း ပြန်လည်လွတ်‌ေမြာက်လာသူတွေ ရှိသလို ပြန်လည်လွှတ်မပေးသေးတဲ့သူတွေပါ ရှိနေသေးတာကြောင့်  ပြန်လည်လွှတ်ပေးဖို့ သက်ဆိုင်ရာ မိသားစုတွေက တောင်းဆိုနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာလည်း လှည်းလမ်းကူးကျေးရွာ၊ ဆောင်လှိုင်ဂွနဲ့ လှည်းလမ်းကူးလမ်းကို စစ်ကောင်စီတပ်တွေက မေ ၂၄ ရက် ည ၇ နာရီ ၂၀ မိနစ်မှာ စတင်ဖျက်ဆီးခဲ့ရာ အပြန်လမ်းမှာ ပဒေမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

ည ၈ နာရီ ၅၀ မိနစ်မှာ စစ်ကောင်စီတပ် ပဒေသာမိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးတာတွေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကနေ ကားအသေးတစီး၊ ဖောကား၊  ဘတ်ဟိုးတင်ခဲ့တဲ့ကားနဲ့ လုံခြုံရေးအပြည့်နဲ့ နေရာဖြန့်ချပြီးမှ လမ်းကို ဖျက်ဆီးနေချိန်အတွင်းမှာ တော်လှန်ရေး အင်အားစုတွေက ပဒေသာမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ဘက်က လမ်းဖျက်ဆီးပြီး မိုင်းဆွဲခံရပြီးနောက် လမ်းတလျှောက်မှာ အနီးနား ပတ်ဝန်းကျင်တွေကို လက်နက်ငယ်တွေနဲ့ ပစ် ခတ်သွားပြီး အခုလို အရပ်ဘက်က သုံးနေတဲ့ လမ်းကို လိုက်ဖျက်ဆီးနေတာ၊ စစ်တပ်က အရပ်သားတွေကို သွားလာတာတွေ ပေးမလုပ်ရင် သယ်ယူပို့ဆောင်သွားလာရေးမှာ အခက်အခဲတွေနဲ့ ကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတည်းက ကျိုက်ထိုမြို့ KNLA တပ်မဟာ ၁ တပ်ရင်း ၃ ထိန်းချုပ်ရာ နယ်မြေတွေရှိ ကျေးရွာချင်းဆက်လမ်းတွေကို ၅ နေ ရာအထိ စစ်တပ်ဘက်က ဖျက်ဆီးခဲ့ပြီး အဲဒီလမ်းတွေဟာ ရွာပေါင်း ၂၅ ရွာထက်မနည်း အဓိကသွားလာနေတဲ့ လမ်းတွေလည်း ဖြစ်ပါတယ်။ DVB

အိမ်ထောင်စု ၃၀,၀၀၀ နီးပါးစာအတွက် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ထားပြီးဖြစ်ကြောင်း AHA ထုတ်ပြန်

“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနအချက်အလက်များအရဟုဆိုကာ အိမ်ထောင်စု ၂၉,၅၉၅ အတွက် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေထားပြီးဖြစ်ကြောင်း အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ(AHA)၏ မေလ ၂၄ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသများထံသို့ အာဆီယံ၏ အကူအညီပေးမှုဆိုင်ရာ အချက်အလက်များကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များကို ကိုးကားပြီး အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ (AHA)မှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထိုအိမ််ထောင်စုများတွင် ရခိုင်အတွက် အိမ်ထောင်စု ၉,၂၆၉ စု၊ ချင်းအတွက် ၁,၃၀၈ စု၊​ ဧရာဝတီတိုင်းအတွက် ၅,၉၅၅ စု၊ ​စစ်ကိုင်းတိုင်းအတွက် ၅,၂၄၈စု၊ မကွေးတိုင်းအတွက် ၄,၂၆၅ စု နှင့် GAD နှင့် DMC ရုံးများမှတစ်ဆင့် ၃,၅၅၀ စုစာအတွက် ပို့ဆောင်ထားပြီးဖြစ်ကြောင်း အာဆီယံ၏ မေ ၂၄ ရက်နေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ဘေးစီမံကော်မတီအဆိုအရ သယ်ယူပို့ဆောင်ရေးအတွက် ခရီးသည်တင်ယာဉ် ၁၇၃ စီး၊ ကုန်တင်ယာဉ် ၆၅၅စီး၊ ရေယာဉ် ၄၈၁ စီးနှင့် အရေးပေါ်လူနာတင်ယာဉ် ၁၈၃ စီးကို ရခိုင်၊ ချင်းနှင့် စစ်ကိုင်းတို့အတွက် ပို့ဆောင်ခဲ့ပြီး လူဦးရေ ၃၃,၀၀၀ အတွက် လုံလောက်အောင် ထောက်ပံ့ပေးနိုင်သည့် ရေသန့်ကား ငါးစီးကိုလည်း ရခိုင်အတွက် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ AHAစင်တာ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီလက်အောက်ခံ ဘေးအန္တရာယ်နှင့် စီမံခွဲရေးဆိုင်ရာ ကော်မတီ( NDMC )မှ ထုတ်ပြန်ထားသည့် အချက်အလက်များကိုသာ ပြန်လည်ကိုးကားဖော်ပြထားပြီး လက်တွေ့ကူညီဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကိုလည်း စစ်ကောင်စီလက်အောက်မှာသာ ကူညီထောက်ပံ့နေရခြင်းတို့သည် အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ( AHA) အနေဖြင့် အမှီအခိုကင်းပြီး လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ တိုက်တွန်းထားသည်။

“Independent AHA လွတ်လပ်သော AHA ဖြစ်မှ ဖြစ်မှာပါ။ ဒါကိုလည်း အာဆီယံ Chair (ဥက္ကဋ္ဌ တာဝန်ယူထားသည့်) နိုင်ငံက ကြိုးစားမယ်လို့ပြောတယ်။ ဒါပေမယ့် အထ မမြောက်သေးတာပေါ့နော်” ဟု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

NUG အနေဖြင့် AHA နှင့်ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံရှိ Asean Special Envoy Office နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိရာ ထိုရုံးမှ တာဝန်ရှိဆုံးပုဂ္ဂိုလ်အနေဖြင့် AHA ကို လွတ်လပ်သည့် သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်စေရန် ကြိုးပမ်းနေသော်လည်း အထ မမြောက်သေးကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။

အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုစင်တာ (AHA)သည် စစ်ကောင်စီလက်အောင်တွင်သာ မူအရ ကူညီကယ် ဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် တော်လှန်ရေးအားကောင်းသည့် ဒေသများသို့ နိုင်ငံတကာအကူအညီများ ရောက်ရှိရန်မှာ ရာခိုင် နှုန်း အနည်းငယ်သာ ရှိကြောင်း ဆိုသည်။

“စစ်ကောင်စီရဲ့ လွှမ်းမိုးမှုရှိတဲ့အတွက်ကြောင့် တကယ်ဒုက္ခရောက်တဲ့နေရာကို သေချာပေါက် အပြည့်အဝ ရောက်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူး။ အနည်းအကျဉ်းလောက်ကို ဟန်ပြလုပ်မယ်။ သေချာတယ်။ သူတို့အုပ်ချုပ်မှုနယ်မြေ။ သူတို့ဘက်တော်သားတွေဆီကိုပဲ ရောက်သွားမယ်” ဟု ဒေါက်တာ ဝင်းမြတ်အေးမှ ပြောသည်။

မိုခါမုန်တိုင်း တိုက်ခတ်မှုအပြီး နိုင်ငံတကာမှ ပထမဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေး ဆိုင်ရာပစ္စည်း စုစုပေါင်းတန်ချိန် ၄၀ ခန့်သည်လည်း မေလ ၁၈ ရက်နေ့တွင် အိန္ဒိယရေတပ်သင်္ဘောများဖြစ်သည့် INS Shivalik၊ INS Kamorta နှင့် INS Savitri တို့ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Vinay Kumar မှတစ်ဆင့် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ မေလ ၁၈ ရက်နေ့တွင် အခမ်း အနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင်မလေးရှားနိုင်ငံ ဆူဗန်းမြို့မှ ရန်ကုန်မြို့သို့ စင်္ကာပူလေတပ်မှ လေယာဉ်နှစ်စင်းဖြင့် ကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်ခဲ့ပြီး အဆိုပါလုပ်ငန်းကို AHA နှင့် ချန်ဂီလူသားချင်းစာနာမှု အကူအညီပေးရေးတို့ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

AHA စင်တာအနေဖြင့် မြန်မာနိုင်ငံ ဆိုင်ကလုန်း မိုခါ ဝင်ရောက်ခဲ့သည့် ဒေသများအတွက် အမေရိကန် ဒေါ်လာ ၁၆၈,၀၀၀ တန်ကြေးရှိသည့် ရေ ရှည်စားသောက်ကုန်များ၊ အမိုးအကာများ၊ ရွက်ဖျင်တဲများ စသည့် ကယ်ဆယ်ရေးပစ္စည်းများကို ရန်ကုန်သို့ မေလ ၂၁ ရက်နေ့တည်းက ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်းကိုလည်း မေ၂၄ ရက် မိုခါဆိုင်ကလုန်းနှင့်ပတ်သက်သည့် အာဆီယံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီမှတစ်ဆင့် နိုင်ငံတကာမှ ပို့ဆောင်ထောက်ပံ့ထားသည့် အကူအညီများသည် မုန်တိုင်းဒဏ်သင့် အရပ်ဒေသရှိ ပြည်သူ များထံသို့ ထိုအထောက်အပံ့များအားလုံး ရောက်ရှိမည်/မရောက်ရှိမည်ကို မြန်မာပြည်သူများအကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။ mizzima

စဥ့်ကူးတွင် စစ်တပ်က ပြည်သူအချို့ကို ဖမ်း ဆီးပြီး တမာကုန်းရွာကို မီးရှို့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာအနောက်ဘက် ကျွန်းပေါ်က ပြည်သူ ၁၅ ယောက်လောက်ကို စစ်ကောင်စီစစ်ကြောင်းက မေ ၂၄ ရက်မှာ ဖမ်းဆီးသွား​ပြီး တမာကုန်းရွာကို မီးရှို့ခဲ့တယ်လို့ Bo Tiger ဗိုလ်ကျားကြီးအဖွဲ့ကနေ သိရပါတယ်။

မတ္တရာဘက်က ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျွန်းပေါ်ဒေသက ပြည်သူတွေကို ဖမ်းဆီးပြီး နှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

မတ္တရာရက်ကန်းစင်တောင်က စစ်ကောင်စီစစ်ကြောင်းနဲ့ ထုံးကြီးဘက်က ဆင်းလာတဲ့ စစ်ကြောင်းနှစ်ခုပေါင်းပြီး တမာကုန်းရွာကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“သူတို့စစ်ကြောင်းက ပြည်သူတွေကိုဖမ်းပြီး နှိပ်စက်တယ်၊ ရွာကိုဝင်မီးရှို့တယ်၊ သူတို့ တမာကုန်းက ထွက်လာတဲ့အချိန် တို့ဘက်က လက် နက်ကြီးနဲ့ပစ်တော့ သူတို့စစ်သား ၃ ယောက် သေတယ်။ သူတို့စစ်ကြောင်းနားကို တို့လက်နက်ကြီးထိတော့ ဖမ်းခံထားရတဲ့ထဲက လေးယောက်က ပြေးလာတော့ လွတ်လာတယ်။ ကျန်တာတွေတော့ ဆက်ဖမ်းခံထားရတယ်” လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

ကျွန်းပေါ်ဒေသက ပြည်သူတွေကို ဖမ်းလာတဲ့ စစ်ကြောင်းကို ဗိုလ်ကျားကြီးအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်သားအင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ တမာကုန်းရွာက နေအိမ်အားလုံးနီးပါးကို မီးရှို့ခဲ့ပြီး ရွာသားတွေက စစ်တပ်စစ်ကြောင်းထိုးချိန်ကတည်းက ရှောင်နေတာကြောင့် ထိခိုက်သူမရှိဘူးလို့ ပြောပါတယ်။

တမာကုန်းရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဗိုလ်ကျားကြီးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေ မေ ၂၄ ရက်က ထိတွေ့တိုက်ပွဲ နာရီဝက်ကြာဖြစ်ပွားခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

“​ပြည်သူတွေကိုဖမ်းလာတဲ့ စစ်ကြောင်းပဲ၊ ဒါပေမဲ့ ရှေ့ကင်းထွက်လာတဲ့ စစ်သားတွေနဲ့ ဖြစ်တာဆိုတော့ ပြည်သူတွေ ထိခိုက်တာမရှိဘူး။ လက်နက်ငယ်နဲ့ပဲ ထိတွေ့တိုက်ပွဲဖြစ်တာ၊ သူတို့ဘက်က ထိခိုက်သေဆုံးမှုရှိတယ်။”

စဥ့်ကူးမြို့နယ် သဲအင်းရွာကို စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး အလုံး ၂၀ နီးပါး ပစ်ခတ်မှုကြောင့် သဲအင်းရွာဆေးရုံ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ DVB

ကျိုက်ထိုက ကျေးရွာချင်းဆက် လမ်း ၂ လမ်း ထပ်မံ ဖျက်ခံရ၊ ဖျက်ဆီးခံရသောလမ်း ၆ လမ်းရှိပြီဖြစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအား ဆက်သွယ်ထားသော လမ်းနှစ်လမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထပ်မံဖျက်ဆီးလိုက်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

“မနေ့က(မေလ ၂၄ ရက်) ပဲ ထပ်ဖျက်သွားတာ လှည်းလမ်းကူးလမ်းကို၊ အခုဆို ကျိုက်ထိုမှာ အဖျက်ခံရတာ အားလုံး ခြောက်လမ်းရှိပြီ” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့၊ ည ၇ နာရီဝန်းကျင်က ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာနှင့် ဆောင်လှိုင်ဂွကျေးရွာအား ဆက်သွယ်ထားသော လမ်းအား စစ်ကောင်စီတပ်က အင်အားသုံး ကင်းပုန်းဝပ်၍ ဘက်ဟိုးစက်ဖြင့် ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မေလ ၂၃ ရက်နေ့ကလည်း ပျဉ်းကတိုးကုန်းကျေးရွာနှင့် ကွာလီ (မရမ်းချောင်)အကြားရှိ ကတ္တရာလမ်း၊ သစ်ကွင်းနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပိုင်းတို့အား စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့မှစ၍ ကျိုက်ထိုမြို့နယ်တွင် ရွာချင်းဆက်လမ်းများ စတင်ဖျက်ဆီးခံရခြင်းဖြစ်ပြီး လမ်းစုစုပေါင်း ခြောက်လမ်း ဖျက်စီးခံထားရကြောင်း ဆိုသည်။

ဘက်ဟိုးများဖြင့် ဖျက်ဆီးခံရသော လမ်းခြောက်လမ်းလုံးသည် KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေသို့ ဝင်ထွက်သွားလာနိုင်သော လမ်းများဖြစ်ပြီး စစ်ကောင်စီတပ်အနေဖြင့် ဖြတ်လေးဖြတ်ပြုလုပ်ရန်နှင့် ၎င်းတို့၏ တပ်စခန်းများအား တော်လှန်ရေးအင်အားစုများ၏ လာရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း သထုံခရိုင် PDF တာဝန်ခံက ဆိုသည်။

” လမ်းတွေဖျက်တယ်ဆိုတော့ ဖြတ်လေးဖြတ်လုပ်ဖို့အတွက် ပြင်ဆင်နေတာပဲလို့တော့ ပြောရမှာပေါ့နော်။ သူတို့လုပ်တာက တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက် ဆောင်ရွက်မှုတွေကိုလည်း ကာကွယ်တဲ့ သဘောပေါ့။ ဒါပေမဲ့ တကယ်တမ်း သူတို့ မကာကွယ်နိုင်ပါဘူး” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းတွင် တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေအတွင်းသို့ ကျိုက်ထိုမြို့ ပတ်ပတ်လည်ရှိ အမတ (၆၀၂) ၊ ခလရ(၂) ၊ အမတ (၃၁၀) ၊ ခမရ (၂၀၇) ၊ ရသေ့တောင်စခန်းတို့မှ လက်နက်ကြီးများဖြင့် နေ့၊ ညမရွေး ခပ်စိပ်စိပ် ပစ်ခတ်နေပြီး ဒေသခံများ ထိခိုက်မှု တစ်စုံ တစ်ရာ မရှိကြောင်း သိရသည်။

ယခုကဲ့သို့ အများပြည်သူ အသုံးပြုရာလမ်းများ ဖျက်ဆီးခံရခြင်းကြောင့် ဒေသခံပြည်သူများသာ အဓိက ခက်ခဲရကြောင်းနှင့် ဈေးရောင်းဈေးဝယ် ပြုလုပ်သူများအနေဖြင့်လည်း ယခင်ကထက် ပို၍ အသွားအလာ ခက်ခဲကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ကလည်း KNU တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့ချင်းဆက်လမ်း၊ ကော့ကရိတ်မြို့နယ်အတွင်း ဝင်ရောက်နိုင်သော ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ် ကတ္တရာလမ်း၊ ကျိုက်ဒုံလမ်းနှင့် ကမိုင်ကုန်းလမ်းတို့ကို စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့သေးကြောင်း ဒေသခံများက ပြောသည်။ mizzima

« Older Entries