ကလေးမြို့နယ်၌ စစ်ကောင်စီတပ် လက်နက် ကြီးဖြင့်ပစ်ခတ်သဖြင့် ဒေသခံ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျေးရွာအတွင်းက လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၄ ရက် မနက်အစောပိုင်းက ကလေးမြို့ပေါ် ၂၂၈ တပ်ကနေ မြို့နယ်တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခဲ့တာကြောင့် ကျေးရွာက မိန်းကလေး ၂ ဦး ယောကျ်ားလေး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ကလေးဒေသခံတဦးက “မနေ့က မနက်အစောကြီးကတည်းက စ လက်နက်ကြီးတွေနဲ့ပစ်တာ။ ရွာမြောက်ပိုင်းကိုကျတာ။ ဒဏ်ရာရှိတဲ့သူတွေကတော့ ဆေးကုသမှု ခံယူနေကြရတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ အရင်ကလည်း မိမိတို့ကျေးရွာအပေါ် လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပြီး ဘာကြောင့်ပစ်ခတ်လဲ ဆိုတာကို ဒေသခံတွေ မသိကြသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဧပြီ ၂၁ ရက်ကလည်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ထိုမာကျေးရွာက ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။ DVB