ကျိုက်ထိုက ကျေးရွာချင်းဆက် လမ်း ၂ လမ်း ထပ်မံ ဖျက်ခံရ၊ ဖျက်ဆီးခံရသောလမ်း ၆ လမ်းရှိပြီဖြစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအား ဆက်သွယ်ထားသော လမ်းနှစ်လမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထပ်မံဖျက်ဆီးလိုက်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

“မနေ့က(မေလ ၂၄ ရက်) ပဲ ထပ်ဖျက်သွားတာ လှည်းလမ်းကူးလမ်းကို၊ အခုဆို ကျိုက်ထိုမှာ အဖျက်ခံရတာ အားလုံး ခြောက်လမ်းရှိပြီ” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့၊ ည ၇ နာရီဝန်းကျင်က ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာနှင့် ဆောင်လှိုင်ဂွကျေးရွာအား ဆက်သွယ်ထားသော လမ်းအား စစ်ကောင်စီတပ်က အင်အားသုံး ကင်းပုန်းဝပ်၍ ဘက်ဟိုးစက်ဖြင့် ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မေလ ၂၃ ရက်နေ့ကလည်း ပျဉ်းကတိုးကုန်းကျေးရွာနှင့် ကွာလီ (မရမ်းချောင်)အကြားရှိ ကတ္တရာလမ်း၊ သစ်ကွင်းနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပိုင်းတို့အား စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့မှစ၍ ကျိုက်ထိုမြို့နယ်တွင် ရွာချင်းဆက်လမ်းများ စတင်ဖျက်ဆီးခံရခြင်းဖြစ်ပြီး လမ်းစုစုပေါင်း ခြောက်လမ်း ဖျက်စီးခံထားရကြောင်း ဆိုသည်။

ဘက်ဟိုးများဖြင့် ဖျက်ဆီးခံရသော လမ်းခြောက်လမ်းလုံးသည် KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေသို့ ဝင်ထွက်သွားလာနိုင်သော လမ်းများဖြစ်ပြီး စစ်ကောင်စီတပ်အနေဖြင့် ဖြတ်လေးဖြတ်ပြုလုပ်ရန်နှင့် ၎င်းတို့၏ တပ်စခန်းများအား တော်လှန်ရေးအင်အားစုများ၏ လာရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း သထုံခရိုင် PDF တာဝန်ခံက ဆိုသည်။

” လမ်းတွေဖျက်တယ်ဆိုတော့ ဖြတ်လေးဖြတ်လုပ်ဖို့အတွက် ပြင်ဆင်နေတာပဲလို့တော့ ပြောရမှာပေါ့နော်။ သူတို့လုပ်တာက တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက် ဆောင်ရွက်မှုတွေကိုလည်း ကာကွယ်တဲ့ သဘောပေါ့။ ဒါပေမဲ့ တကယ်တမ်း သူတို့ မကာကွယ်နိုင်ပါဘူး” ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းတွင် တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေအတွင်းသို့ ကျိုက်ထိုမြို့ ပတ်ပတ်လည်ရှိ အမတ (၆၀၂) ၊ ခလရ(၂) ၊ အမတ (၃၁၀) ၊ ခမရ (၂၀၇) ၊ ရသေ့တောင်စခန်းတို့မှ လက်နက်ကြီးများဖြင့် နေ့၊ ညမရွေး ခပ်စိပ်စိပ် ပစ်ခတ်နေပြီး ဒေသခံများ ထိခိုက်မှု တစ်စုံ တစ်ရာ မရှိကြောင်း သိရသည်။

ယခုကဲ့သို့ အများပြည်သူ အသုံးပြုရာလမ်းများ ဖျက်ဆီးခံရခြင်းကြောင့် ဒေသခံပြည်သူများသာ အဓိက ခက်ခဲရကြောင်းနှင့် ဈေးရောင်းဈေးဝယ် ပြုလုပ်သူများအနေဖြင့်လည်း ယခင်ကထက် ပို၍ အသွားအလာ ခက်ခဲကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ကလည်း KNU တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့ချင်းဆက်လမ်း၊ ကော့ကရိတ်မြို့နယ်အတွင်း ဝင်ရောက်နိုင်သော ကျုံဒိုးမြို့နယ် တောင်ကြာအင်းတံတားထိပ် ကတ္တရာလမ်း၊ ကျိုက်ဒုံလမ်းနှင့် ကမိုင်ကုန်းလမ်းတို့ကို စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့သေးကြောင်း ဒေသခံများက ပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s