ကျောင်းအပ်လက်ခံသည့်နေ့တွင် ကျောင်းသားကျောင်းသူ ၁ သန်းကျော်ကျောင်းအပ်

၂၀၂၃-၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ မေလ ၂၃ ရက်နေ့က စတင်ပြီး ကျောင်းအပ်လက်ခံခဲ့ရာ ပထမဆုံး ကျောင်းအပ်လက်ခံတဲ့နေ့မှာပင် ကျောင်းသား ကျောင်းသူ ၁ ဒသမ ၃ သန်းကျော် ကျောင်းအပ်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဌာနက သိရပါတယ်။

ဒီလိုကျောင်းအပ်လက်ခံတဲ့ ပထမဆုံးနေ့မှာပင် ၁ သန်းကျော်လောက် ကျောင်းအပ်နှံခဲ့တာဟာ မူလတန်းအဆင့် ကျောင်းအပ်နှံမှုကြောင့်ဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မူလတန်း ကျောင်းသား ကျောင်းသူ ၁ သန်းကျော်အထိ ကျောင်းအပ်ခဲ့တယ်လို့ သိရပါတယ်။

အလယ်တန်းအဆင့်ကတော့ ၂ သိန်းကျော်လောက် ကျောင်းအပ်ခဲ့ကြပြီး အထက်တန်းအဆင့်ကတော့ ၆ သောင်းကျော်လောက် ကျောင်းအပ်ခဲ့တယ်လို့ ပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အခုပညာသင်နှစ်မှာ ယခင်နှစ်ကထက် ကျောင်းသားကျောင်းသူ ပိုမိုများပြားစွာ ကျောင်းတက်နိုင်ဖို့ ရည်မှန်းထားပြီး အခုနှစ် ကျောင်းအပ်သူတွေကို ကျောင်းဝတ်စုံတစုံ၊ ဗလာစာအုပ် ၁ ဒါဇင်၊ ပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ ပေးထားပါတယ်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်က စတင်ကာ KG+12 ကို အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျန်ရှိနေတဲ့ သင်ရိုးသစ်အတန်းတွေဖြစ်တဲ့ Grade-9 နဲ့ Grade-12 အတန်းတို့ကို ဖွင့်လှစ်သင်ကြားသွားမှာ ဖြစ်တဲ့အတွက် KG+12 သင်ရိုးသစ်နဲ့ အတန်းအားလုံးကို ဆောင်ရွက်နိုင်ပြီလို့ ကြေညာထားပါတယ်။

စစ်ကောင်စီပညာရေးဌာနက ကျောင်းအပ်လက်ခံတဲ့ စာရင်းတွေကို ဖော်ပြရာမှာ အဓိကမြို့ကြီးတွေက စာရင်းတွေလောက်သာ ကောက်ခံနိုင်ပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်းနဲ့ ကရင်ပြည်နယ် နေရာအချို့က စာရင်းတွေကိုတော့ မကောက်ခံနိုင်သေးဘူးလို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s