စစ်ကောင်စီကမ်းလှမ်းမှုကို ယုံကြည်ပြီး ခံဝန်ထိုးရန် ရဲစခန်းသို့သွားသည့် အငြိမ်းစားကျောင်းဆရာကြီး ၁ ဦး စစ်ကြောရေးတွင် သတ်ဖြတ်အ‌လောင်းဖျောက်ခံရ

နေရပ်သို့ ပြန်လာကြရန် စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာမှတဆင့် ကြေညာချက်ကို ယုံကြည်ပြီး ခံဝန်ထိုးရန် ရဲစခန်းသို့ သွားရောက်ခဲ့သည့် တောင်သာမြို့နယ်မှ အငြိမ်းစားကျောင်းဆရာကြီးတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ကာ အလောင်းဖျောက်လိုက်ကြောင်း တောင်သာမြို့ခံများက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ်၊ ရုံးပင်ကျေးရွာမှ အသက် ၇၀ အရွယ်ခန့် အငြိမ်းစားကျောင်းဆရာဦးသောင်းရီသည် စစ်ကောင်စီစစ်ကြောရေးတွင် သတ်ဖြတ်ခံလိုက်ရခြင်းဟု သိရှိရသည်။

” စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာကနေ ဖိတ်ခေါ်လို့ ဆရာကြီးက အသက်လည်းကြီးပြီမို့ အေးဆေးနေချင်လို့ ရဲစခန်းမှာ ခံဝန်သွားထိုးတာ။ ရဲ က ဖမ်းပြီး စစ်ကောင်စီဆီအပ်တယ်။ စစ်တပ်နဲ့ရဲက စစ်ကြောရေးမှာ သတ်ပစ်လိုက်တယ်”ဟု တောင်သာမြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီ​သည် နွေဦးတော်လှန်ရေးအစတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်း၏ နေအိမ်အား ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီက လာရောက်ရှာဖွေခဲ့ကြောင်း၊ လူက တိမ်း‌ရှောင်နိုင်ခဲ့သော်လည်း ဦးသောင်းရီပိုင်ဆိုင်သည့် ကားတစ်စီးအား စစ်ကောင်စီက သိမ်းဆည်းသွားပြီး ထိုအချိန်မှစ၍ နေအိမ်တွင် နေမရဲတော့ဘဲ ထွက်ပြေးနေခဲ့ရသည်ဟုသိရသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ဦးသောင်းရီသည် စစ်ကောင်စီတပ်​၏ အလင်းဝင်ရန် နိုင်ငံပိုင်မီဒီယာများမှတဆင့် ကမ်းလှမ်းချက်ကြောင့် ခံဝန်ထိုးရန် ဇနီးဖြစ်သူနှင့်အတူ တောင်သာမြို့မရဲစခန်းသို့ သွားခဲ့ရာ ဇနီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးသောင်းရီအားဖမ်းပြီး စစ် ကြောရေးသို့ ပို့ဆောင်လိုက်ကြောင်း ရုံးပင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

” ရဲစခန်းကို သွားပြီး ခံဝန်ထိုးတဲ့နေကစ အဖမ်းခံရပြီးဆရာကြီးကို ပြန်မလွှတ်တော့တာ။ သေတာတောင် မသိရဘဲ သွားမေးမှ သိရတာ” ဟု ၎င်းက ပြောသည်။

မေလ ၁၈ ရက်နေ့တွင် ဦးသောင်းရီ သေဆုံးသည့်သတင်းထွက်လာ၍ သွားရောက်မေးမြန်းခဲ့သော်လည်း ယင်းနေ့တွင် မသိရဘဲ သေဆုံးသွားကြောင်းနှင့် သင်္ဂြိုလ်လိုက်ကြောင်းကို မေလ ၂၃ ရက်နေ့မှသာ မိသားစုထံ အကြောင်းကြားလာသည်ဟု သတင်းရရှိသည်။

” ၂၃ ရက်နေ့မှာပဲ မိသားစုကို အကြောင်းကြားလာတယ်။ သူတို့ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ၊ ကျည်ထွက်တယ်ပေါ့ဗျာ။ မိသားစုက အလောင်းပြန် တောင်းတော့ သူတို့ဘက်က အလောင်းမရဘူး။ သင်္ဂြိုလ်လိုက်ပြီလို့ပြောတယ်။ မေလ ၂၄ ရက်နေ့မှာ မိသားစုက အလောင်းပြန်မရဘဲနဲ့ စ တိသဘောမျိုးနဲ့ သက်ပျောက်ဆွမ်းနဲ့ သင်္ဂြိုလ်တဲ့အပိုင်း လုပ်လိုက်ရတာပေါ့” ဟု တောင်သာမြို့ရှိ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြော သည်။

အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍ မေးမြန်းရန်တောင်သာမြို့မရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဦးသောင်းရီအား ဖမ်းဆီးခဲ့သည့် အချိန်မှစ၍ မိသားစုနှင့် အဆက်အသွယ်ပေးမလုပ်ခဲ့ဘဲ မိသားစုဝင်များသည် ဦးသောင်းရီကို မေလ ၆ ရက်က အသက်ရှင်လျက် နောက်ဆုံးတွေ့ခဲ့ရခြင်းဟု သိရသည်။

အသက် ၇၀ ဝန်းကျင်ရှိပြီဖြစ်သော အငြိမ်းစားကျောင်းဆရာကြီး ဦးသောင်းရီသည် ၎င်း​၏ အသက်အရွယ်အရ လက်ကျန်အချိန်များအား အေး ဆေးစွာဖြတ်သန်းလို၍ တော်လှန်ရေးတွင် ပါဝင်နေသူများအား အလင်းဝင်ရန် စစ်ကောင်စီ​၏ ကမ်းလှမ်းချက်များကို ယုံကြည်ကာ တောင်သာမြို့မရဲစခန်းသို့ သွားရောက်ခဲ့ရာမှ ယခုကဲ့သို့ အသက်သေဆုံးခဲ့ရကြောင်း တောင်သာမြို့ခံတစ်ဦးကပြောသည်။

စစ်အာဏာရှင်တော်လှန်ရေးလုပ်‌ဆောင်၍ အမှုဖွင့်ခံထားရသူများ၊ ၀ရမ်းထုတ်ခံရသူများ နေရပ်ပြန်လာရန်နှင့် ပြစ်မှုအပေါ် မူတည်၍ ဖြေလျော့ပေးမည်ဖြစ်ပြီး PDFများလည်း လက်နက်ခဲယမ်းများ သယ်ယူ၍ အလင်းဝင်လာပါက ဆုကြေး ပေးမည်ဟုလည်း စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာမှတဆင့် မကြာခဏ ထုတ်ပြန်ကြေညာနေသည်။ အဆိုပါကြေညာချက်ကို မယုံကြည်ကြရန် တော်လှန်ရေးအင်အားစုများကသ တိပေးနေသည်။

” မတရား အာဏာသိမ်းထားတဲ့အဖွဲ့က မတရားလုပ်ငန်းတွေကိုပဲ ကျူးလွန်နေတာပဲ ဖြစ်တဲ့အတွက် ဒီလိုဖိတ်ခေါ်ချက်တွေက အကျုံးမဝင်ဘူး။ ယုတ္တိမရှိဘူး။ ယုံစရာအကြောင်းမရှိဘူးပေါ့လေ။ ဒီထုတ်ပြန်ချက်တွေက ကျွန်တော်တို့မြို့နယ်အတွက်တော့ သာဓကဖြစ်သွားတာပေါ့လေ ” ဟု တောင်သာမြို့ခံတစ်ဦးကပြောသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s