ဒီးမော့ဆိုမြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် လူ ၈ ဦးထက်မနည်းသေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ မေလ ၂၄ ရက်နဲ့ မေလ ၂၅ ရက်နေ့တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် လူ ၈ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မနေ့ ၁၀ နာရီလောက်မှာ စစ်ကောင်စီက ဒေါတဝီကျေးရွာ အနီးဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်စခန်းငယ်တခုကို ထိမှန်ပြီး အမျိုးသမီးတဦးအပါဝင် တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်သေဆုံးခဲ့ကာ နောက်ထပ် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရိခဲ့ပါတယ်။
ဒီကနေ့မနက်မှာလည်း ဒီးမော့ဆိုအနောက်ခြမ်း ဒေါဝဝီကျေးရွာနဲ့ မလှမ်းမကမ်း ဆောင်ဒူနဲ့ ပဆေးလာ ကျေးရွာတွေအနီး တိုက်လေယာဉ်နဲ့ ၂ ကြိမ်လာရောက်တိုက်ခိုက်လို့ နောက်ထပ် ၃ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတဦးက ပြောပါတယ်။
“၁၁ နာရီ ၄၅ မှာ တခေါက်ရယ်၊ ၁၂နာရီမှာတခေါက်၊ ၁၂ နာရီမှာတခေါက်က သုံးလေးလုံးပေါ့။ ဘာကိုလာပစ်လဲတော့မသိဘူး။ မနေ့ညဖြစ်တဲ့ နာရေးရှိတော့ နာရေးလာပစ်လားတော့မသိဘူး။ အသေအချာတော့ ကျနော်မသိဘူး။”
တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့နေရာမှာ စစ်ကောင်စီဘက်က အခုလို လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းဒေသမှာ ၁၀ ဆက်တိုက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သာ ၄၀ ခန့် သေဆုံးကာ ကရင်နီပူးပေါင်းတပ်ဘက်က ၈ ဦးသေဆုံးခဲ့ကြောင်း KNDFက သတင်းထုတ်ပြန်ထားပါတယ်။
ဒီ ၁၀ ရက်တာအတွင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၆၀ ရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ DVB